#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ လူလိုက်ပါသည့် အာကာသမစ်ရှင် တရုတ်စေလွှတ်မည်
တရုတ်နိုင်ငံသည် လကမ္ဘာပေါ် လူသားများခြေချရေးရည်မှန်း ချက်အရ အာကာသအတွင်းသို့လူလိုက်ပါသည့် အာကာသမစ်ရှင် တစ်ရပ်ကိုယခုသီတင်းပတ်အတွင်း၌ စေလွှတ်ရန် စီစဉ်နေကြောင်း တာဝန်ရှိသူများက ဧပြီ ၂၁ ရက်တွင် ပြောသည်။
ရှန်ကျိုး-၂ဝ အာကာသမစ်ရှင်ကို တရုတ်နိုင်ငံ အနောက်မြောက် ပိုင်းရှိ ဒုံးပျံလွှတ်တင်ရေးစခန်းမှ လွှတ်တင်မည်ဖြစ်ပြီး လိုက်ပါသွားမည့် အာကာသယာဉ်မှူးသုံးဦးသည် တရုတ်၏ကိုယ်ပိုင်အာကာသစခန်း တီယန်ကောင်းတွင် ခြောက်လကြာနေထိုင်ဖွယ်ရှိသည်။
အာကာသယာဉ်မှူးများသည် ၂ဝ၃ဝ ပြည့်နှစ်တွင် လကမ္ဘာပေါ်သို့ လူသားများခြေချနိုင်ရေး ရည်မှန်း ချက်နှင့် လကမ္ဘာပေါ်တွင် အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရေးတို့ကိုအကောင်အထည်ဖော်ရန် သိပ္ပံဆိုင်ရာ စမ်းသပ်မှုများကို ပြုလုပ်သွားမည် ဖြစ်သည်။
ရှန်ကျိုးအာကာသယာဉ်နှင့် လောင်းမတ်ချ်-၂ အက်ဖ် ဒုံးပျံကို ဝေးလံခေါင်သီသော သဲကန္တာရရှိလွှတ်တင်ရေးစခန်းသို့ ပို့ဆောင်ထားပြီး မကြာမီသင့်လျော်သောအချိန်၌ လွှတ်တင်သွားမည်ဖြစ်ကြောင်း တရုတ်အာကာသအေဂျင်စီက လွန်ခဲ့သည့် သီတင်းပတ်တွင် ထုတ်ဖော်ပြောကြားထားသည်။
လက်ရှိလွှတ်တင်မည့်နေရာ၊ အဆောက်အအုံနှင့် စက်ပစ္စည်းများ အခြေအနေကောင်းမွန်ပြီး လုပ်ငန်းဆိုင်ရာ စစ်ဆေးမှုများနှင့် ပူးတွဲစမ်းသပ်မှုများကို စီစဉ်ထားသည့်အတိုင်း လုပ်ဆောင်နေကြောင်း တရုတ်အာကာသအေဂျင်စီက ထုတ်ပြန်ထားသည်။
စီအင်န်အေ

image