#နိုင်ငံတကာသတင်း
◾️အိန္ဒိယ၌ နှစ်ပေါင်း ၂၀ နီးပါးအတွင်းအဆိုးရွားဆုံး တိုက်ခိုက်မှုတွင် ခရီးသွား ၂၆ ဦးသေဆုံး
အိန္ဒိယနိုင်ငံ၊ ဂျမ်မူးနှင့်ကက်ရှ်မီးယားဒေသ၌ အလည်အပတ်လာသူ ခရီးသွားများအား စစ်သွေးကြွများဟု မသင်္ကာသူများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် လူပေါင်း ၂၆ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ က ယနေ့တွင် ပြောကြားပြီး ယင်းမှာ နှစ်ပေါင်း ၂၀ နီးပါး ကာလအတွင်း အိန္ဒိယတွင် ဖြစ်ပေါ်သော အဆိုးရွားဆုံးတိုက်ခိုက်မှု ဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရသည် ။
သာယာလှပသော ဟိမဝန္တာဖက်ဒရယ်နယ်မြေဖြစ်သော ပါဟယ်ဂန်ဒေသ၌ တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အဆိုပါ‌ဒေသမှာ မကြာသေးမီနှစ်များအတွင်း သူပုန်များ၏ အကြမ်းဖက်မှုများ လျော့ပါးလာခဲ့ပြီးနောက် ခရီးသွားများဖြင့် ပြန်လည်စည်ကားနေသောနေရာဖြစ်သည်။
ယခုတိုက်ခိုက်မှုသည် ၂၀၀၈ ခုနှစ်တုန်းက လူပေါင်း ၁၆၀ သေဆုံးခဲ့သော မွန်ဘိုင်းတိုက်ခိုက်မှုနောက်ပိုင်း အိန္ဒိယ၌ အရပ်သားများကို တိုက်ခိုက်သည့် အဆိုးဆုံးတိုက်ခိုက်မှုလည်း ဖြစ်သည်။
ယင်းအတွက် ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ က ဆော်ဒီအာရေးဗီးယားသို့ နှစ်ရက်ကြာ အလည်အပတ်ခရီးမှ ဆောလျင်စွာပြန်လာခဲ့ပြီး ယနေ့နံနက်တွင် နယူးဒေလီမြို့သို့ ပြန်ရောက်လာခဲ့သည်။
ထို့အတူဘဏ္ဍာရေးဝန်ကြီး မစ္စက်နာမာလာဆီသာရာမန်ကလည်း အမေရိကန်နိုင်ငံ ခရီးစဉ်မှ စောစီးစွာပြန်လာခဲ့ပြီး ခက်ခဲပြီး ကြေကွဲစရာအချိန်၌ ပြည်သူများနှင့်အတူ ရှိနေလို၍ ဖြစ်ကြောင်း ၎င်း၏ ဝန်ကြီးဌာနက ပြောကြားသည်။
မြက်ခင်းပြင်တစ်ခုတွင် တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ကာ သေဆုံးသူများတွင် အိန္ဒိယနိုင်ငံသား ၂၅ ဦး နှင့် နီပေါနိုင်ငံသား တစ်ဦးပါဝင်ကြောင်း ရဲတပ်ဖွဲ့ က ပြောသည်။
ကက်ရှ်မီးယားခုခံကာကွယ်ရေးအဖွဲ့ ဆိုသည့် လူသိနည်းသော အဖွဲ့တစ်ဖွဲ့ က တိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဆိုရှယ်မီဒီယာပေါ်တွင် ပြောကြားပြီး ၎င်းတို့ ဒေသတွင် ပြင်ပလူ ၈၅၀၀၀ ခန့် ဝင်ရောက် အခြေချနေခြင်းကြောင့် ဒေသတွင်း လူဦးရေကို အပြောင်းအလဲဖြစ်စေခဲ့ကြောင်း ယင်းအဖွဲ့က မကျေနပ်ချက်ကို ဖော်ပြသည်။
ဒေသတွင်း စီးပွားရေးကို အထောက်အကူပေးနေသော ခရီးသွားများအပေါ် တိုက်ခိုက်မှုအား ကန့်ကွက်သည့်အနေဖြင့် အဆိုပါဖက်ဒရယ်ဒေသမှ ရုံးများ ၊ စီးပွားရေးလုပ်ငန်းများကို ပိတ်သိမ်းထားရန် ဒေသတွင်း အစည်းအရုံး တစ်ဒါဇင်ခန့်က တိုက်တွန်းခဲ့ကြသည်။
တိုက်ခိုက်မှုအား ကန့်ကွက်၍ စာသင်ကျောင်းအများအပြားကိုလည်း ယာယီပိတ်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုဖြစ်ပြီးနောက် ခရီးသွားများက ယင်းဒေသမှ ကတိုက်ကရိုက်ထွက်ခွာနေကြသဖြင့် ပြည်နယ်မြို့တော် ဆရီနာဂါးသို့ လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲ‌ပေးနေရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
အိန္ဒိယနှင့် ပါကစ္စတန် က အပြည့်အဝပိုင်ဆိုင်ကြောင်း ပြောကြားသော်လည်း ကိုယ်စီ တစ်စိတ်တစ်ပိုင်းသာ အုပ်ချုပ်ခွင့် ရနေသော ဟိမဝန္တာဒေသတွင် အိန္ဒိယဆန့်ကျင်သော ပုန်ကန်မှုများ ၁၉၈၉ ခုနှစ် က စတင်ခဲ့ပြီးနောက်ပိုင်း လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ရပြီး မကြာသေးမီ နှစ်များတွင် မှ ပုန်ကန်မှုများ အနည်းငယ်ငြိမ်သက်နေခဲ့ခြင်းဖြစ်သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image