တစ်ယောက်ယောက်ကို မှီခိုအားကိုးဖို့ ယုံကြည်ဖို့တော့ အိမ်ထောင်မပြုလေနှင့် ။ အချစ်ကြောင့်ဆိုလျှင်တော့ ပြုပေါ့ ။
သည်အသက် သည်အရွယ်အထိ နေလာခဲ့ပြီးမှ မသေချာမရေရာသော နားကပ်ချွတ်မှု တစ်ခုအတွက်တော့ အိမ်ထောင်မပြုပါလေနှင့် ။ လွတ်လပ်စွာနေပါ ။ လွတ်လပ်စွာ အသက်ရှင်ပါ ။ လွတ်လပ်စွာ သေဆုံးဖို့ ကြိုးစားပါ ။ ဘာကိုမှလည်း နောက်ဆံတင်းမနေနှင့် ။ ဘာကိုမှလည်း မျှော်လင့်မနေနှင့် ။
ဟုတ်ပါသည် ။
ကျွန်မသည် ဆရာဝန်ဖြစ်ပြီးနောက် အနှစ်နှစ်ဆယ်လုံးလုံး ဘဝအဖော်ဆိုတာမရှိဘဲနှင့် ဘဝမှာ နေသားကျခဲ့သည် ။
ကြည့်ပါအုံး ။ ကျွန်မအခန်းဟာ ကျွန်မနှင့် ဘယ်လောက်လိုက်ဖက်နေခဲ့ပြီးပြီလဲ ။ ဖုန်ဟူ၍ မြူမှုန်လေးမျှပင် မရှိ ။ မှန်တင်ခုံမှာ ပန်းစိုက်အိုးလေးနှင့် ။
ကျွန်မအိပ်ခန်းသည် စိတ်ကူးယဉ်တတ်သည့် အပျိုကြီးတစ်ယောက်၏ အခန်းပီသသည် ။ ခရမ်းနုရောင် ဖျော့ဖျော့ ဆေးသုတ်ထားသည် ။ ခန်းဆီးက ခရမ်းရင့်ရောင်ပန်းပွင့်တွေ ဒီဇိုင်း ။ အခန်းထောင့်မှာ စာအုပ်စင်လေးတွေ ရှိသည် ။
ရေချိုးခန်းမှာ ရေချိုးကြွေကန်ရှိသည် ။ နံရံပေါ်မှာ မီးတိုင်ပြာလဲ့လဲ့လေး ရှိသည် ။ အားလပ်သည့်အခါများတွင် ရေချိုးကြွေကန်ထဲ ရေအပြည့်ဖြည့် ။ Bath Gel နှင့် ဆပ်ပြာမြှပ်မွှေးမွှေးလေးတွေကို ရေထဲထည့် ။ ပြီးတော့ ကက်ဆက်ကို တိုးတိုးလေးဖွင့်ထား ။ သီချင်းနားထောင် ။ ဆပ်ပြာမြှပ်မွှေးမွှေးလေးတွေ နှင့် ရေပူပူနွေးနွေးကို တစ်ကိုယ်လုံးစိမ် ။
အိုး... ဘဝမှာ ဘာများထပ်လိုဦးမှာလဲကွယ် ။
#ခုချိန်ဆိုရှင်ဘယ်ရောက်နေမှာလဲ
#ဂျူး
