လူနာစောင့်ကို လူမှားပြီး ခွဲစိတ်ခဲ့တဲ့ ဖြစ်ရပ်ကို အိန္ဒိယ ဆေးရုံတစ်ခု စုံစမ်းနေ
လူနာစောင့် တစ်ဦးကို မှားယွင်း ခွဲစိတ်ခဲ့မှုကြောင့် အိန္ဒိယက ဆေးရုံတစ်ခုမှာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
ပြဿနာ တက်နေတာဟာ အိန္ဒိယ မြောက်ပိုင်း၊ ရာဂျက်စ်သန် ပြည်နယ်ထဲက ကိုတီ ဆေးဝါးကောလိပ် ဆေးရုံဖြစ်တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။ ဧပြီ ၁၂ ရက်နေ့တုန်းက ဆေးရုံရဲ့ ဆရာဝန်တွေဟာ လူနာတစ်ဦးရဲ့ အသက် ၆၀ အရွယ် ဖခင်ကို တခြားလူနာ တစ်ယောက်အစား မှားယွင်းပြီး ခွဲစိတ်မိခဲ့တာပါ။
ဒီကိစ္စဟာ ကုသရေးဆိုင်ရာ ဆိုးရွားလှတဲ့ ပေါ့ဆမှု တစ်ခုအဖြစ် သတ်မှတ်ခံရပြီး ဖြစ်စဉ်နဲ့ ဆက်နွှယ်ပတ်သက်သူတွေကို ဆေးရုံက စုံစမ်းနေတာ ဖြစ်ပါတယ်။
ပြဿနာ ဖြစ်တဲ့နေ့တုန်းက အသက် ၆၀ အရွယ် ဂျက်ဒစ်ရှ် ပန်ချဲလ်ဟာ မော်တော်ဆိုင်ကယ် မှောက်လို့ ဒဏ်ရာတွေရခဲ့တဲ့ သားဖြစ်သူရဲ့ ခွဲစိတ်ကုသမှုကို ဆေးရုံထဲမှာ စောင့်နေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဆေးရုံ ဝန်ထမ်းတွေက သူနဲ့ နာမည် ရှေ့စာလုံးတူတဲ့ တခြားလူနာ တစ်ယောက် ရှိသလားလို့ အော်ပြီး မေးခဲ့ပါတယ်။
ပန်ချဲလ်ဟာ မျက်နှာက ကြွက်သားတွေရဲ့ ပြဿနာ တစ်ခုကြောင့် စကားမပြောနိုင်ပါဘူး။ သူကလည်း နာမည်ခေါ်တာ ကြားတော့ လက်မြှောက်ပြပြီး တုံ့ပြန်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဝန်ထမ်းတွေက သူ့ကို ခွဲစိတ်ခန်းထဲ ခေါ်ဆောင်သွားခဲ့ကြပါတယ်။
ဆေးရုံရဲ့ ဝန်ထမ်းတွေဟာ လူနာရဲ့ အချက်အလက်တွေကို ပြန်လည် စစ်ဆေးတာမျိုး မလုပ်ခဲ့ဘူးလို့ India Today သတင်းစာက ဖော်ပြခဲ့ပါတယ်။ ပြီးတော့ ပန်ချဲလ်က ခွဲစိတ်ခန်းဝင်မယ့် လူနာတွေ ဝတ်လေ့ရှိတဲ့ ဝတ်စုံကိုလည်း ဝတ်မထားပေမယ့် အဲဒီအချက်ကိုပါ ဆေးရုံဝန်ထမ်းတွေက သတိမမူခဲ့ကြပါဘူး။ ခွဲစိတ် ဆရာဝန် အဖွဲ့ဟာ ပန်ချဲလ်ကို ခွဲစိတ်ခုံပေါ်တင်၊ မေ့ဆေးပေးပြီးတဲ့နောက် သူ့ရဲ့ ညာဖက် လက်မောင်းမှာ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြော မူမမှန်မှု ပြဿနာ တစ်ခုအတွက် ခွဲစိတ်မှုကို စတင်ခဲ့ကြပါတယ်။
ကိုယ်တိုင် ခွဲစိတ်မှု ခံယူခဲ့ရတဲ့ သားဖြစ်သူ မန်နစ်ရှ်က ခွဲခန်းထဲက ထွက်လာပြီး သူ့အဖေ ပျောက်နေတာကို သတိထားမိမှပဲ အဲဒီလို လူမှား ခွဲစိတ်နေတယ် ဆိုတာကို သိရှိလာရတာပါ။ ဒီအကြောင်းကို ဆေးရုံ ဝန်ထမ်းတွေဆီ အသိပေးခဲ့တဲ့နောက် မန်နစ်ရှ်ရဲ့ ဆရာဝန်တွေက ခွဲခန်းထဲထိ ဝင်ပြီး တားဆီးခဲ့မှ ခွဲစိတ်လက်စ အခြေအနေကို ရပ်ထားလိုက်ရတာ ဖြစ်ပါတယ်။
အခုဖြစ်စဉ် အပြီးမှာတော့ အထူးခန့်အပ်ထားတဲ့ ကော်မတီဝင် သုံးဦးပါ စုံစမ်းရေး ကော်မတီဟာ ပြဿနာနဲ့ ပတ်သက် ဆက်နွှယ်ခဲ့သူတွေကို စုံစမ်း မေးမြန်းမှုတွေ စတင်လုပ်ဆောင်နေကြောင်း ဆေးရုံဖက်က အတည်ပြုထားပါတယ်။

image