နိုင်ငံခြားသား အလည်အပတ်ဗီဇာ ပြန်လည် ခွင့်ပြု
ဧပြီ ၂၂ - ၂၀၂၅
SS (VOM)
နိုင်ငံခြားသားတွေအတွက် အွန်လိုင်းမှတဆင့် အလည်အပတ် ဗီဇာ လျှောက်ထားမှုကို မနေ့ ဧပြီ ၂၂ ရက်နေ့မှ စတင်ကာ ပြန်လည် ခွင့်ပြုပေးခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ထုတ်ပြန် ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့၊ အင်အားပြင်းငလျင် လှုပ်ခတ်မှုအပြီး နောက်ဆက်တွဲ အခြေအနေတွေကြောင့် မြန်မာနိုင်ငံကို ဝင်ရောက်လာမယ့် နိုင်ငံခြားသားတွေအတွက် အလည်အပတ်ဗီဇာ (Tourist Visa) လျှောက်ထားမှုကို ဧပြီ ၃ ရက်နေ့မှ စတင်ကာ ယာယီ ရပ်တန့်ထားခဲ့တာဖြစ်ပြီး ၁၉ ရက် အကြာမှာတော့ ပြန်လည် ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
“နိုင်ငံခြားသားတွေအတွက် အလည်အပတ်ဗီဇာ (Tourist Visa) လျှောက်ထားမှုကို ပြန်ဖွင့်ပေးတာပါ။ eVisa လို့လည်း ခေါ်တာပေါ့။ ငလျင်ကြောင့် immigration server down သွားလို့ eVisa ခဏ ရပ်ထားခဲ့တာလို့ သိရပါတယ်။ လက်ရှိမှာတော့ ဆာဗာပြဿနာတွေကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် ခရီးသွား eVisa လျှောက်လွှာ ဝန်ဆောင်မှုတွေကို ဧပြီ ၂၂ ရက်နေ့ကနေစပြီး ပြန်လည် ခွင့်ပြုပေးနေပါပြီ” လို့ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်တွေအတွင်း အလည်အပတ်ဗီဇာ ယာယီ ပိတ်ထားခဲ့တဲ့အတွက် ပြည်ပခရီးသွား ဝင်ရောက်မှု နှောင့်နှေးခဲ့ပြီး သင်္ကြန်ကာလအတွင်း လာရောက်မယ့် ခရီးသွားအဖွဲ့ နှစ်ဖွဲ့လည်း Cancel ဖြစ်သွားခဲ့တယ်လို့ သူက ပြောပါတယ်။
“မြန်မာပြည်အတွက် လက်ရှိက ပြည်ပခရီးသွား မရှိဘူးမဟုတ်ဘူး။ သူ့အတိုင်းအတာနဲ့သူ ရှိတော့ရှိနေသေးတယ်။ အရမ်းကြီးတော့ မများပေမယ့် လုံးလုံးပြတ်သွားတာတော့ မဟုတ်ဘူး။ တရုတ်၊ ရုရှား၊ ထိုင်း၊ တောင်ကိုရီးယားတို့ အပြင်ကိုမှ မက္ကစီကန်တို့၊ စပိန်တို့၊ ဂရိတို့၊ အာဂျင်တီးနားတို့ ရှိပါတယ်။ အရင် သဘာဝဘေး မဖြစ်ခင် အဓိက သွားကြတာတော့ ကမ်းခြေတွေဘက်နဲ့ မန္တလေး၊ ပုဂံ၊ အင်းလေးပေါ့။ အခုကတော့ ကမ်းခြေတွေနဲ့ ပုဂံဘက်ကိုပဲ သွားလို့ရတော့မယ်။ အရင်ရက်တွေက အွန်လိုင်းကနေ ဗီဇာလျှောက်တဲ့ဟာကို ပိတ်ထားခဲ့တဲ့အတွက် ဧည့်သည်တွေလာဖို့ ကြိုတင် ချိတ်ဆက်ထားတာတွေလည်း အကုန်ပျက်ကုန်တယ်” လို့ သူက ပြောပါတယ်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံကို ပြည်ပခရီးသွားဧည့်သည် ၁ ဒသမ ၀၆ သန်းကျော် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ပမာဏဟာ ၂၀၂၃ ခုနှစ်က မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့တဲ့ ခရီးသွားဧည့်သည် အရေအတွက် ၁ ဒသမ ၂၈ သန်းကျော်နဲ့ နှိုင်းယှဉ်ပါက ကျဆင်းသွားခြင်း ဖြစ်တယ်လို့ သိရပြီး တရုတ်၊ ထိုင်းနဲ့ တောင်ကိုရီးယား နိုင်ငံတို့မှ ခရီးသွားဧည့်သည်တွေ အဓိက လာရောက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံရေး အပြောင်းအလဲ ကာလအတွင်း နယ်စပ်က ခရီးသွားဝင်ရောက်မှု နည်းပါးနေဆဲဖြစ်ပြီး လေကြောင်းခရီးစဉ် ဈေးနှုန်း ကြီးမြင့်မှုတွေ၊ ပြည်တွင်း နိုင်ငံရေးအရ လုံခြုံရေး စိုးရိမ်ရမှုတွေကြောင့် လေဆိပ်ကနေ ပြည်ပခရီးသွား ဝင်ရောက်မှုကလည်း ကျဆင်းနေဆဲ ဖြစ်တယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ဆိုပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်တာ၊ နိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပေါ်နေတာတွေကြောင့် နိုင်ငံ အတော်များများကလည်း သူတို့နိုင်ငံသားတွေကို မြန်မာနိုင်ငံကို မသွားကြဖို့ ခရီးသွား အကြံပြုချက်တွေ ထုတ်ထားကြတဲ့အတွက် အခုလို ကမ္ဘာလှည့် ခရီးသည် တနှစ်ထက်တနှစ် လျော့နည်း ကျဆင်းလာရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် နစကအနေနဲ့ ပြည်ပခရီးသွား ဝင်ရောက်မှု ပြန်လည် တိုးတက်စေရေးအတွက် တရုတ်၊ ရုရှားနဲ့ ထိုင်းနိုင်ငံက ခရီးသွား ဧည့်သည်တွေကို နည်းလမ်းမျိုးစုံနဲ့ ဆွဲဆောင်ခဲ့သလို ဗီဇာ ဖြေလျော့ပေးမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
