#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တရုတ်ကိုချနင်း၍ အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်များမယူရန် တရုတ်သတိပေး
တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုကန့်သတ်၍ အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးသဘောတူညီချက်များရယူရန် ကြိုးပမ်းနေမှုများကို မိမိတို့အနေဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ဧပြီ ၂၁ ရက်တွင် သတိပေးလိုက်သည်။
အမေရိကန်အစိုးရထံမှ သွင်းကုန်ခွန်ကင်း လွတ်ခွင့်ရရေးအတွက် တရုတ်နှင့် ကုန်သွယ်မှုကို ကန့်သတ်၍ အမေရိကန်အစိုးရနှင့် ကုန်သွယ်ရေး သဘောတူညီမှုများရယူရန် ကြိုးပမ်းနေသည့် မည်သည့်နိုင်ငံမဆို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆတူတုံ့ပြန်မည်ဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။
သမ္မတဒေါ်နယ်ထရန့်ဦးဆောင်သော အမေရိကန်အစိုးရသည် တရုတ်ထုတ်ကုန်အများအပြားကို ၁၄၅ ရာနှုန်းအထိ အခွန်တိုးမြှင့်ထားပြီး ကျန်တစ်ကမ္ဘာလုံးမှထုတ်ကုန်များကိုမူ ၁ဝ ရာခိုင် နှုန်း အခြေခံထား၍အခွန်များ မြှင့်တင်ထားသည်။
သို့ဖြစ်ရာ လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံ အများအပြားအနေဖြင့် ၎င်းတို့၏ထုတ်ကုန်များအပေါ် အမေရိကန်အစိုးရက သတ်မှတ်ထားသော အခွန်နှုန်းထားများကိုလျှော့ချနိုင်ရေးအတွက် အမေရိကန်အစိုးရနှင့် စေ့စပ်ဆွေးနွေးရန် ကြိုးပမ်းနေကြရသည်။
မိမိ၏ယာယီကိုယ်ကျိုးစီးပွားအတွက် သူတစ်ပါး၏ အကျိုးစီးပွားကို ချနင်းရန်ကြိုးပမ်းမှုသည် နှစ်ဦးနှစ်ဖက်လုံးအတွက် ထိခိုက်နစ်နာစေမည့် အလုပ်ဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနကြေညာချက်၌ ဖော်ပြထားသည်။
သို့ရာတွင်စီးပွားရေးနှင့် ကုန်သွယ်ရေးပြဿနာများကို အမေရိကန်အစိုးရနှင့်တရားမျှတမှုရှိရှိ စေ့စပ်ဆွေးနွေးနေသည့် နိုင်ငံအားလုံးကို လေးစားမှုပေးကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားထားသည်။
ရိုက်တာ

image