#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ လာမည့် ဇွန်လတွင် ပါလက်စတိုင်းကိုနိုင်ငံအဖြစ် ပြင်သစ် အသိအမှတ်ပြုနိုင်
ယခုနှစ်ဇွန်လအတွင်း ပြင်သစ်နိုင်ငံအနေဖြင့် ပါလက်စတိုင်းကို လွတ်လပ်သည့်နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုနိုင်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ဧပြီ ၉ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ပါလက်စတိုင်းကို လွတ်လပ်သည့်နိုင်ငံအဖြစ် ပြင်သစ်အစိုးရက အသိအမှတ်ပြုခဲ့ပါက အပြန်အလှန်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံအချို့ကလည်း အစ္စရေးနိုင်ငံကို အသိအမှတ်ပြုလာနိုင်ကြောင်း သမ္မတမက်ခရွန်က ပြင်သစ်မီဒီယာများနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် သုံးသပ်ထားသည်။
မိမိတို့အနေဖြင့် ပါလက်စတိုင်းကို နိုင်ငံအဖြစ်အသိအမှတ်ပြုရေး အတွက် ရှေ့ဆက်ဆောင်ရွက်ရန်လိုအပ်နေပြီဖြစ်ကြောင်း၊ သို့ဖြစ်ရာ ပြင်သစ်နိုင်ငံနှင့် လာမည့်လအနည်းငယ်အတွင်း ပါလက်စတိုင်းကို နိုင်ငံအဖြစ်အသိအမှတ်ပြုနိုင်ကြောင်း သမ္မတ မက်ခရွန်က ထုတ်ဖော်ပြောကြားခဲ့သည်။
ပါလက်စတိုင်းကိုလွတ်လပ်သည့် အချုပ်အခြာပိုင်နိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံပေါင်း ၁၅ဝ နီးပါးတို့က သတ်မှတ်ထားသော်လည်း ယင်းနိုင်ငံများထဲတွင် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် ဂျပန်အပါအဝင်အဓိက အင်အားကြီးနိုင်ငံအများစု ပါဝင်ခြင်းမရှိသေးပေ။
အစ္စရေးကို လွတ်လပ်သောအချုပ်အခြာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုရန် ငြင်းပယ်ထားကြသော အရှေ့အလယ်ပိုင်းဒေသနိုင်ငံများမှာ ဆော်ဒီအာရေဗျ၊ အီရန်၊ အီရတ်၊ ဆီးရီးယားနှင့် ယီမင်တို့ဖြစ်သည်။
ပြင်သစ်နိုင်ငံကပါလက်စတိုင်းကို လွတ်လပ်သည့်အချုပ်အခြာပိုင်နိုင်ငံ အဖြစ် အသိအမှတ်ပြုခဲ့ပါက အထက်ဖော်ပြပါ အရှေ့အလယ်ပိုင်းနိုင်ငံများကလည်း အပြန်အလှန်အနေဖြင့် အစ္စရေးနိုင်ငံအား လွတ်လပ်သည့်အချုပ်အခြာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုလာနိုင်ကြောင်း ပြင်သစ်သမ္မတက ပြောကြား ထားသည်။
ရိုက်တာ

image