ပရိသတ်တွေ ဘရူနိုအကြောင်း ပြောကြဖို့ ဖြစ်နိုင်ခြေများလာပါပြီ။ နာမည်ကျော် Disney အန်နမေးရှင်းရုပ်ရှင်တစ်ကားဖြစ်တဲ့ Encanto က sequel ထွက်လာဖို့အတွက် အကြံဉာဏ်တွေရှာဖွေနေတဲ့အကြောင်း Bruno အသံသရုပ်ဆောင် John Leguizamo က အရိပ်အမြွက်ပြောလာခဲ့တာပါ။
Encanto 2 အတွက် Disney ဖက်က တရားဝင်ကြေညာထားခြင်းမရှိသေးပေမယ့် John က ရှေ့ကားမှာ “ဘရူနိုအကြောင်း မပြောပဲနေခဲ့ကြတော့” ဒီတစ်ခေါက်မှာ “ဘရူနိုအကြောင်းပဲပြောကြရအောင်” လို့ ဟာသအနေနဲ့ပြောဆိုခဲ့ပြီး Disney ဖက်က Encanto 2 အတွက် သင့်တော်မယ့်ဇာတ်လမ်းကို ရှာဖွေဖန်တီးနေကြောင်း သိရပါတယ်။
၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Encanto ရုပ်ရှင်ဟာ အော်စကာအကောင်းဆုံးအန်နမေးရှင်းဆုကို ရရှိခဲ့သလို ပရိသတ်တွေကြားမှာလည်း အကြိုက်တွေ့ခဲ့ကြပါတယ်။ လက်ရှိမှာ Inside Out 2, Moana 2 တို့လို အောင်မြင်ပြီးသားရုပ်ရှင်တွေကို အဆက်ထပ်မံထွက်ရှိထားပြီးတဲ့အပြင် လာမယ့်နှစ်တွေအတွင်းမှာ Zootopia 2 နဲ့ Toy Story 5 တို့ကို ထုတ်လုပ်သွားဖို့ရှိနေတဲ့ Disney အနေနဲ့ Encanto 2 ကို ဖန်တီးသွားဖို့လည်း အလားအလာများနေတာဖြစ်ပါတယ်။
