လာမယ့်ဒီဇင်ဘာလမှာ ရိုက်ကူးရေးစမယ့် Quentin Tarantion ရဲ့ ရုပ်ရှင်သစ်
မတ် ၂၁၊ ၂၀၂၅။
Pulp Fiction နဲ့ Kill Bill ဒါရိုက်တာ Quentin Tarantino ဟာ ၎င်းရဲ့ရုပ်ရှင်သစ်နဲ့ပတ်သက်ပြီး သိုသိုသိပ်သိပ်နေတတ်ပေမယ့်လည်း သတင်းသံတချို့ ထွက်ပေါ်လာပါတယ်။
The Movie Critics ရုပ်ရှင်ကို မရိုက်ကူးတော့ပဲ ဖျက်သိမ်းခဲ့တဲ့နောက်မှာ Quentin Tarantino ဟာ နောက်ထပ်ရုပ်ရှင်သစ်တစ်ကားကို ဆက်လက်ပြင်ဆင်နေလျက်ရှိပြီး Quentin Tarantino ရဲ့ လူရင်းတွေဖြစ်ကြတဲ့ သရုပ်ဆောင် Brad Pitt, Uma Thurman နဲ့ Samuel L. Jackson တို့လည်း ပါဝင်သွားမှာဖြစ်ပါတယ်။ Production Weekly မဂ္ဂဇင်းရဲ့ သတင်းအချက်အလက်များအရ အဆိုပါရုပ်ရှင်ကို ၂၀၂၅ ဒီဇင်ဘာလမှာ စတင်ရိုက်ကူးကာ Sony က ဖြန့်ချိပြသမှာဖြစ်ကြောင်းသိရပါတယ်။ သို့ပေမယ့် အဆိုပါရုပ်ရှင်ရဲ့ နာမည်နဲ့ ကျန်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
Quentin Tarantino ဟာ အပြာမဂ္ဂဇင်းစာရေးဆရာတစ်ဦးအကြောင်းရုပ်ရှင်ဖြစ်တဲ့ The Movie Critics ကို ဇာတ်လမ်းပိုင်းအရကျေနပ်မှုမရှိတဲ့အတွက် ဇာတ်ညွှန်းပြန်လည်ရေးသားပြီး ပြင်ဆင်ခဲ့ပေမယ့်လည်း ရိုက်ကူးရေးမစခင်မှာတင် The Movie Critics ကို ဖျက်သိမ်းခဲ့တာပါ။
သတင်းတချို့အရ Quentin Tarantino ဟာ ၎င်းရဲ့သားဖြစ်သူ အသက် ၆ နှစ်ပြည့်မှ အဆိုပါရုပ်ရှင်ကို ရိုက်ကူးရေးစတင်မယ်လို့လည်း သိထားပါသေးတယ်။
လက်ရှိ နာမည်ရသရုပ်ဆောင်တွေဖြစ်ကြတဲ့ Austin Butler, Mikey Madison, Margaret Qualley, Sydney Sweeny နဲ့ Maya Hawke တို့ဟာ Quentin Tarantino ရဲ့ ၂၀၁၉ ရုပ်ရှင် Once Upon A Time.. In Hollywood မှာ ပါဝင်ခဲ့ဖူးပါတယ်။
