စီးပွားရေးပိတ်ဆို့ကာ ဖိအားပေးခြင်း မအောင်မြင်နိုင်ဟု နစကဥက္ကဋ္ဌပြော
ရန်ကုန်၊ မတ် ၂၁
မိမိတို့ နိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ပြီး ဖိအားပေးခြင်းမျိုး မအောင်မြင်နိုင်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလာပါတယ်။
မတ်လ၂၁ ရက်က နေပြည်တော်ရှိ MICC-1 မှာ ကျင်းပတဲ့ “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားမှာ နစကဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့တာပါ။
“အခုလည်း ကျွန်တော်တို့အပေါ်မှာ Sanction လုပ်ထားတာကို ကိုယ့်နည်းကိုယ်ဟန်နဲ့ ကျော်လွှားနေကြတာပဲ။ ဖြေရှင်းလို့ ရနေတာပဲ”လို့ ပြောပါတယ်။
စီးပွားရေးအရ ပိတ်ဆို့အရေးယူကြတဲ့အတွက် အခက်အခဲအနည်းငယ် ရှိတယ်လို့တော့ ဆိုထားပြီး ဒါတွေကို ဖြေရှင်းလို့ရကြောင်းလည်း ၎င်းက ဆက်ပြောပါတယ်။
“Sanction လုပ်တာ သက်ရောက်မှုတစ်ခုတော့ ရှိပါလိမ့်မယ်။ သို့သော်လည်းပဲ လုပ်ခံရတဲ့ နိုင်ငံတွေက သူတို့ရဲ့ အခက်အခဲတွေ ကျော်လွှားဖို့အတွက် အုပ်စုတွေ ဖွဲ့လိုက်ရင် ပြိုင်ဘက်တွေ ဖြစ်လာလိမ့်မယ်။ ပြိုင်ဘက်တွေ ဖြစ်လာရင် ပိုဆိုးမှာဖြစ်တယ်”လို့ နစကဥက္ကဋ္ဌက ပြောပါတယ်။
ပြည်ပနိုင်ငံအချို့ရဲ့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် မိမိတို့ကိုယ်တိုင် ကြိုးစားအားထုတ်မှုလိုအပ်သလို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
သတင်း - BETV Business
