အရင်က ခဏ ခဏ ကြားရတတ်သလို
ခုကာလ အကြောင်း မသိသေးသူတွေက
မောင်နှမ များတဲ့ သူတွေ တွေ့ရင် အားကျတတ်ကြတယ်
“ကောင်းတယ်နော်
မောင်နှမတွေ အများကြီးနဲ့ ပျော်စရာကြီး” ဆိုတဲ့ စကား
မိသားစုမှရယ် မဟုတ်ပါဘူး
တစ်ဦးတစ်ယောက်ထက် ပိုတဲ့ ဘယ်အစုအဖွဲ့၊ ဘယ်အဖွဲ့အစည်း မဆို စည်းလုံးတဲ့အခါ အားဖြစ်ပေမဲ့
စည်းလုံးမှု မရှိတဲ့ အခါ အတော်လေး စိတ်ပျက်ဖို့ ကောင်းပါတယ်
တစ်ယောက်တည်းတောင် စိတ်သွားတိုင်း ကိုယ်မပါ၊ စိတ်နဲ့ကိုယ်နဲ့ မတည့်တဲ့ လူ့လောကမှာ
အရှင်းဆုံး ပြောရရင်
ရုံးတစ်ရုံးမှာတောင် တစ်ဌာနနဲ့ တစ်ဌာန
ဒါမှမဟုတ်
တစ်ခန်းတည်း အတူနေပြီး မသင့်မြတ်ကြတဲ့ အခါ လုပ်ငန်းအောင်မြင်ဖို့ အချိန်ဖင့်တာတွေ
အောင်မြင်ခဲ့ရင်တောင် မပျော်ရွှင်ရတာတွေ ရှိတတ်ပါတယ်
ဒါပေမဲ့
ဒါဟာ သွေးရင်း မဟုတ်၊ မိသားစု မဟုတ်တဲ့ အတွက် မခေါ် မပြောတာ၊ မသင့်မြတ်ကြတာတွေကို နားလည်ပေးလို့ရသလို၊ လက်ခံနိုင်စွမ်းလည်း ရှိကြပါတယ်
ဒါမှမဟုတ်
မသင့်မြတ်တဲ့သူတွေကို ဖယ်ထုတ်တာတွေ၊ နေရာ ပြောင်းရွှေ့ဖြစ်တာမျိုးတွေ လုပ်ဆောင် နိုင်ပါတယ်
သိုပေမဲ့ မိသားစုကြတော့ အဲ့ဒီလို မဟုတ်တော့ ပြန်ဘူး
မောင်နှမတွေ ကလေးဘဝတုန်းက တစ်မိုးအောက်မှာ မိစုံဖစုံဖြစ်စေ၊ မိမစုံ ဖမစုံသော်ငြား အတူတကွ နေခဲ့ရစဉ်တုန်းက
“ငါ့ညီလေးဖို့
ငါ့ ညီမလေးဖို့
ငါ့အစ်ကိုဖို့
ငါအစ်မဖို့ …” ဆိုတဲ့ တစ်ခုခုဆို တွေးပြီး
ညှာတာဖူးတာတွေ
မစားရမှာစိုးလို့ ဖွက်ထားပေးဖူးတာတွေ၊ ဖယ်ထားပေးဖူးတာတွေ ရှိခဲ့ဖူးပါတယ်
ငယ်ငယ်တုန်းက မောင်နှမတွေ များတာလည်း သဘောကျဖူးတယ်။
ရန်ဖြစ်တာပဲ ဖြစ်ဖြစ်
သင့်မြတ်ချိန် ပြန်ချစ်တာပဲ ဖြစ်ဖြစ် မောင်နှမ ဆိုတဲ့ ဘဝတွေက ပျော်စရာ ကောင်းပါတယ်
ဒါပေမဲ့
အသက်တွေကြီးလာတဲ့ အခါ
ဟိုးတုန်းက အားကျပါတယ် ပြောတဲ့
မောင်နှမ များတယ် ဆိုတဲ့ အရာတွေ သဘော မကျတော့ဘူး
အပြင် မိတ်ဆွေ အပေါင်းအသင်းက မခေါ်ချင်ရင် ကျော်သွားလို့ ရပေမဲ့
သွေးရင်းဖြစ်တဲ့ မောင်ရင်းနှမ တွေ တစ်ဦးနဲ့ တစ်ဦး အဆင်မပြေကြတဲ့အခါ ပတ်ဝန်းကျင်က
“သူတို့ မောင်နှမတွေ …”
“သူတို့ ညီအစ်ကိုတွေများ …”
“ သူတို့ ညီအစ်မတွေ ….” ဆိုတာမျိုးနဲ့ တစ်ကျပ် တစ်ပြား စိုက်ထုတ်ရတာ မဟုတ်တဲ့ အတွက် ကိုယ့်မိသားစုသာ စည်းလုံးအောင် ဘယ်လိုနေရမယ် မသိတာ
သူများ မိသားစုဆို လက်ညှိုးထိုးချင်လာကြတယ်
အရွယ်ရောက်လာတဲ့ အခါ
ငယ်ငယ်က
“ငါ့ညီလေးဖို့ …” လို့ တွေးခဲ့ဖူးတဲ့ အစ်ကိုတွေ ပျောက်ကုန်ကြတယ်
“ငါ့ ညီမလေး” ဖို့ဆိုပြီး ညှာတာ ပေးဖူးတဲ့ အစ်မတွေ မရှိကြတော့ဘူး
“ငါ့အစ်ကို ငါ့အစ်မ” ဆိုပြီး ကြောက်ပြ၊ ရိုသေခဲ့ဖူးတဲ့ ညီ၊ ညီမတွေလည်း ကိုယ့်အတ္တနဲ့ ကိုယ် ဖြစ်လာကြတယ်
သူစိမ်းတွေ ရန်ဖြစ်ရင် လူကြားကောင်းပေမဲ့
မောင်နှမတွေ ပြဿနာဖြစ်တဲ့အခါ ရှက်စရာ ကောင်းတယ်
သူစိမ်းတွေ မခေါ် မပြောနိုင်တာ လက်ခံနိုင်ပေမဲ့
မောင်နှမတွေ မခေါ် မပြောရင် စိတ်ညစ်စရာ အလွန်ကောင်းတယ်
မိသားစုတွေ ငယ်ငယ်က မောင်နှမ များတာ ပျော်စရာကောင်းရင် ကောင်းနိုင်ပေမဲ့
အရွယ်တွေ ရောက်လာလို့ တစ်ယောက် တစ်ပေါက်တွေ
မိသားစု (၇) ဦးရှိ တစ်ဦးဖောက်ပြီဆိုလည်း ပျော်စရာ မကောင်းတော့ဘူး
နှစ်ဦးလောက်ဖောက်လာရင် ပြောစရာ စကား မရှိကြတော့ဘူး
ဒါ့ကြောင့်
ဟိုးငယ်ငယ်က မိဘတွေက ကလေးတွေ အဖော်ရအောင်၊ တစ်ဦးနဲ့ တစ်ဦး ထိန်းနိုင်အောင်တွေးပြီး မွေးကြတယ်
ဘယ်အစုအဖွဲ့ ဘယ်အဖွဲ့အစည်း မဆို စည်းလုံးရင် ပျော်စရာ ကောင်းပေမဲ့
တစ်ဦးနဲ့ တစ်ဦး ညှာတာရမှာ မသိကြတော့တဲ့အခါ
တစ်ဦးနဲ့ တစ်ဦး ဖေးမရကောင်းမှန်း မသိတော့တဲ့အခါ
အထူးသဖြင့်
စိမ်းသူတွေဖက်ပြီး တစ်ဖက်နဲ့ တစ်ဖက်
တစ်ဦးနဲ့ တစ်ဦးကြား ပါးစပ်စည်းတွေ မရှိကြတော့တဲ့အခါ
မောင်နှမတွေ များတာ အားကျပါတယ်
ပျော်စရာ ကောင်းတယ် ဆိုတဲ့ စကားတွေအစား
လူများလာတာနဲ့ အမျှ စိတ်ပျက်စရာ ကောင်းတဲ့ ဘက်ကို ပြောင်းသွားကြတယ် …
တစ်မိတည်း မွေးလည်း
မနွေးထွေးရင် ဘာလုပ်မှာလဲ
ဒါ့ကြောင့်
မောင်နှမတွေ အရွယ်ရောက်လာတဲ့အခါ
ကိုယ်စီအတွေးထဲ
“မောင်နှမတွေပဲ ဘာမှ မဖြစ်ပါဘူး” အတွေးနဲ့
အပြန်အလှန် လေးစားရကောင်းမှန်း မသိတော့ရင်
တစ်ဦးကို တစ်ဦး
စာနာရမယ်
ညှာတာရမယ်
ပါးစပ်စည်းရှိရမယ် အတွေးနဲ့ ထိန်းထိန်း သိမ်းသိမ်း မရှိတော့ရင်
ငယ်စဉ်က သင်ကြားခဲ့ဖူးတဲ့
ထင်းစီးကြီးနဲ့ ဥပမာပြ
ထင်းစီးကြီး ပြေတာက ကောက်စီးလို့ရတယ်
မောင်နှမတွေ အဆင်မပြေ
အချင်းချင်း စိတ်အစာ မကြေတော့ရင် ဘယ်ကြိုးနဲ့ စည်းစည်း
မနီးနိုင်တော့ဘူး ဆိုတာ သတိချပ်ပါ …။
ဆြာ ချစ်
