8 w - Translate

#နိုင်ငံတကာသတင်း
◼ဓာတ်အားခွဲရုံမီးလောင်မှုကြောင့် လန်ဒန်မြို့ ဟိသရိုးလေဆိပ်ကို ပိတ်ထားရ
လန်ဒန်မြို့၊ ဟိသရိုး‌လေဆိပ်အနီးရှိ လျှပ်စစ်ဓာတ်အားခွဲရုံမီးလောင်ပြီး လျှပ်စစ်မီးပြတ်တောက်မှုကြောင့် လေဆိပ်ကို ယနေ့(မတ် ၂၁ ရက်) တစ်နေ့လုံးပိတ်ထားမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ လေယာဉ်ခရီးစဉ်များကို ထိခိုက်ခဲ့သည်။
လန်ဒန်မြို့ အနောက်ဘက် ‌‌ဟေးယက်စ်ဒေသမှ မီးလောင်ကျွမ်းမှုကိုမီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦး က ငြှိမ်းသတ်နေကြကြောင်း လန်ဒန်မီးသတ်တပ်ဖွဲ့ကပြောကြားသည်။
ယင်းမီးလောင်မှုကြောင့် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် လေယာဉ် အဝင်အထွက် အများဆုံးဆိပ်တွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ရသည်။
မီးညွန့် မီးတောက်များ နှင့် မီးခိုးလုံးများ တက်လာနေသည်ကို တွေ့ရှိရပြီး အနီးအနား အဆောက်အဦးများမှ လူပေါင်း ၁၅၀ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားကာထောင်နှင့်ချီသော အဆောက်အဦများတွင် ဓာတ်အားပြတ်တောက်နေသည်။
မီးလောင်မှုဖြစ်ရသည့်အကြောင်းရင်းကို မသိရသေးကြောင်း မီးသတ်တပ်ဖွဲ့က ဆိုသည်။
ဒေသစံတော်ချိန်မတ် ၂၁ ရက် ည သန်း‌ခေါင်ချိန်အထိ လေဆိပ်ကို ပိတ်ထားမည်ဖြစ်ကြောင်း နှင့် ခရီးသည်များအနေဖြင့် လေဆိပ်သွားမသွားကြရန် ဟိသရိုးလေဆိပ် က X ဆိုရှယ်မီဒီယာတွင် ပြောကြားသည်။
လေယာဉ်ခရီးစဉ်များကို ခြေရာခံသော FlightRadar24 ဝက်ဘ်ဆိုက်၏ အချက်အလက်များအရ ဟိသရိုးသို့ ဆိုက်ရောက်လာမည့် လေယာဉ်ခရီးစဉ် အနည်းဆုံး ၁၂၀ ကို အခြားလေဆိပ်များသို့ လမ်းကြောင်း ပြောင်းပေးခဲ့ရကြောင်း သိရသည်။
ယနေ့တစ်နေ့လုံးတွင် ဟိသရိုးလေဆိပ်သို့ အဝင်အထွက် ခရီးစဉ် အနည်းဆုံး ၁၃၅၁ ခု ကို ထိခိုက်နိုင်ကြောင်း သိရသည်။
British Airways လေကြောင်းလိုင်းတစ်ခုတည်းကပင် ဟိသရိုးလေဆိပ်သို့ ဆိုက်ရောက်လာမည့် လေယာဉ်ခရီးစဉ် ၃၄၁ ခုရှိကြောင်း သိရသည်။
ဟိသရိုးလေဆိပ်သည် ကမ္ဘာပေါ်တွင် အချက်အခြာကျသော လေဆိပ်ကြီးတစ်ခုဖြစ်‌သောကြောင့် ကမ္ဘာတစ်ဝန်းက လေကြောင်းလိုင်းများ၏ လုပ်ငန်းလည်ပတ်မှုများကို ထိခိုက်မည်ဖြစ်ကြောင်း FlightRadar24 ဝက်ဘ်ဆိုက်မှ ပြောရေးဆိုခွင့်ရှိသူ အီယန်းပက်ချီနစ် က ပြောသည်။
လျှပ်စစ်ဓာတ်အား မည်သည့်အချိန်တွင် ပြန်လည်ရရှိမည်ဆိုခြင်းမှာ ရှင်းရှင်းလင်းလင်းမရှိသေးကြောင်း နှင့် ရှေ့လာမည့်ရက်များတွင်လည်း ထိခိုက်မှုများဆက်ရှိနေမည်ဟုမျှော်လင့်ကြောင်း ဟိ သရိုး လေဆိပ်ပြော‌ရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
ကိုးကား-ရဲမင်း
ကိုးကား- Reuters/CNA

image