#နိုင်ငံတကာသတင်း
◼ တရားရုံးတားမြစ်မိန့်ကိုဆန့်ကျင်ပြီး ဗင်နီဇွဲလားနိုင်ငံသားများအား အမေရိကန် ပြည်နှင်ဒဏ်ပေး
အမေရိကန်တရားသူကြီးတစ်ဦးကထုတ်ပြန်သည့် တားမြစ်မိန့်ကိုဆန့်ကျင်ပြီး ဂိုဏ်းသားများဟု အိမ်ဖြူတော်က စွပ်စွဲပြောကြားခဲ့သော ဗင်နီဇွဲလားနိုင်ငံသား နှစ်ရာကျော်ကို အမေရိကန်က ပြည်နှင်ဒဏ်ပေးကာ အယ်လ်ဆာဗေးဒိုးနိုင်ငံမှ လုံခြုံရေးအတင်းကျပ်ဆုံး အကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်။
ဗင်နီဇွဲလားဂိုဏ်း Tren de Aragua မှ ဂိုဏ်းသား ၂၃၈ ဦး နှင့် MS-13 နိုင်ငံတကာဂိုဏ်းသား ၁၃ ဦးတို့သည် အမေရိကအလယ်ပိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း အယ်လ်ဆာဗေးဒိုး သမ္မတ နာရစ်ဘူကီလီ က ယမန်နေ့ နံနက်ပိုင်းက ဆိုရှယ်မီဒီယာပေါ်တွင် ရေသားခဲ့သည်။
ထိန်းသိမ်းခံရသူများမည်သူမည်ဝါဖြစ်သည် ၊ မည်သည့်ပြစ်မှုကျူးလွန်ခဲ့သည် နှင့် ဂိုဏ်းအဖွဲ့ဝင်ဖြစ်မှု နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို အမေရိကန်အစိုးရက ပေးအပ်ခြင်း မရှိသကဲ့သို့ အယ်လ်ဆာဗေးဒိုးကလည်း ထုတ်မပြောကြောင်း ဘီဘီစီ သတင်းက ဖော်ပြသည်။
ပြည်နှင်ဒဏ်ပေးခြင်း အချို့အတွက် နှစ်ပေါင်းနှစ်ရာကျော်က ပြဌာန်းခဲ့သော ဥပဒေကို ထရန့်အစိုးရ အသုံးချခြင်းမှ တားဆီးသောအမိန့်တစ်ရပ်ကို ဖက်ဒ ရယ်တရားသူကြီးတစ်ဦး က ထုတ်ပြန်ခဲ့သော်လည်း ထိန်းသိမ်းသူများကို နယ်နှင်သော လေယာဉ်က ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
တရားသူကြီးဆုံးဖြတ်ချက်က နောက်ကျသွားပြီဖြစ်ကြောင်း အယ်လ်ဆာဗေးဒိုးသမ္မတ ဘူကီလီ က ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။
၎င်း၏ ပို့စ်တွင် တွဲထားသော ဗီဒီယိုတစ်ခုတွင် လေယာဉ်ပေါ်မှ ဆင်းလာသော လက်နှင့်ခြေထောက်လက်ထိပ်သံကြိုးခတ် ခံထားရသူ များကို လက်နက်ကိုင်အရာရှိများက တန်းစီခေါ်ဆောင်သွားသည်ကို မြင်တွေ့ရသည်။
တရားရုံးဆုံးဖြတ်ချက်အား ချိုးဖောက်ခဲ့သည်ဆိုခြင်းကို အိမ်ဖြူတော် ပြန်ကြားရေးမှူး ကယ်ရိုလင်းလီဗစ် က ငြင်းဆိုခဲ့သည်။
၎င်းတို့အစိုးရက တရားရုံးအမိန့်ကို လိုက်နာရန်ငြင်းဆိုခဲ့ခြင်း မရှိကြောင်း ၊ အကြမ်းဖက်နိုင်ငံခြားသားများအား အမေရိကန်မြေပေါ်မှ ဖယ်ရှားပြီးမှသာ ဥပဒေအရအခြေမခံသော အမိန့်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း အိမ်ဖြူတော် ပြန်ကြားရေးမှူးက ပြောသည်။
၁၇၉၈ ခုနှစ် က ပြဌာန်းထားသော နိုင်ငံခြားသားရန်သူများဥပဒေကို အသက်သွင်းသည့် ကြေညာချက်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က စနေနေ့တွင် ကြေညာခဲ့ပြီး Tren de Aragua ဂိုဏ်းအဖွဲ့က အမေရိကန်နိုင်ငံပိုင်နက်ကို ကျူးကျော်ရန်ခြိမ်းခြောက်ကြိုးပမ်းပြီးအစီအစဉ်ရေးဆွဲနေကြောင်း စွပ်စွဲပြောကြားသည်။
ဥပဒေကြောင်းအရ ထပ်မံ အချေအတင်ဆွေးနွေးမှုများ အတွက် ဗင်နီဇွဲလားနိုင်ငံသားများအား ပြည်နှင်ဒဏ်ပေးခြင်းကို ၁၄ ရက် ဆိုင်းငံ့ထားရန် အမိန့်ကို ဝါရှင်တန်ဒီစီမြို့မှ ခရိုင်တရားသူကြီး ဂျိမ်းစ်ဘာအိုဘာ့ဂ် က စနေနေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
စုစုပေါင်း လူပေါင်း ၂၆၁ ဦး အား ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း နှင့် ၎င်းတို့အနက် ၁၃၇ ဦးအား နိုင်ငံခြားသားရန်သူများဥပဒေအရ ဖယ်ရှားခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရ အရာရှိကြီးတစ်ဦးက စီဘီအက်စ် သတင်းကို ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-BBC
