part-5
ဒုတိယကမ္ဘာစစ် သူရဲကောင်းအနေဖြင့် သူ၏ အကြောက်တရားကို ကျော်လွှားနိုင်သည့်အခါ စကားပြောကောင်းသူတစ်ယောက် ဖြစ်လာသည်။ အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေဖြစ်သွားပြီး သူ့အသံနှင့်သူရင်းနှီးသွားသည်။ သူ၏အတိတ်ကအကြောင်းကို ပြန်ပြောနေသည့် အစပိုင်း ၌ ကျွန်တော်ကသူ့ကို ဘယ်အကြောင်းမေးမည်ကို သူမသိပေ။ ရှေ့တွင်ဘာ တွေ ရင်ဆိုင်ရမည်ကိုလည်း သူမသိပေ။ ထို့ကြောင့် သူကြောက်လန့်နေခြင်း ဖြစ်သည်။
ကျွန်တော်က ယခုလောလောဆယ်အကြောင်း၊ ပစ္စုပ္ပန်အကြောင်း စတင်ပြောသည့်အခါ သူ့အတွက် ကြောက်စရာမရှိတော့ပေ။ လောလော ဆယ် စတူဒီယိုထဲ၌ သူဘယ်လိုခံစားနေရသည်ကို ပြောပြနေသည်။ ထိုသို့ ပြောနေသည့်အခါ အကြောက်တရားမရှိတော့ပေ။ မိမိကိုယ်မိမိ ယုံကြည်မှု၊ စိတ်ချမှုတို့သည် သာမန်အခြေအနေအတိုင်း ပြန်ဖြစ်လာကြသည်။ ထိုအခြေ အနေရောက်သည့်အခါကျမှ ကျွန်တော်က သူ၏ အတိတ်အကြောင်းကို ပြန်၍ပြောခိုင်းသည်။
သင့်အနေဖြင့် အခြားတစ်ယောက်ယောက်နှင့် ပထမဆုံးအကြိမ် တွေ့ ဆုံစကားပြောသည့်အခါ ဤနည်းကို အသုံးပြုနိုင်သည်။ မည်သို့သုံးမည် နည်း။ ဤသို့ပြောရလျှင် သူသက်သောင့်သက်သာရှိမည့် ကိစ္စကစပြီး ပြောခိုင်းပါ။ သူတို့အကြောင်းကို ပြောခိုင်းပါ။ သူတို့အကြောင်းကို ပြောခိုင်း ခြင်းဖြင့် ပြောစရာတစ်ခုရလာမည်။ မိမိ၏စကားပြောဖက်ကလည်း မိမိကို စကားပြောကောင်းသည်ဟု ထင်လာသည်။ အဘယ်ကြောင့်နည်း။ လူအများ သည် သူတို့အကြောင်းကို ပြောချင်ကြသည်။
ကျွန်တော်စကားတစ်ခုတည်းနှင့် အတည်မမှတ်ပါနှင့်။ ဗြိတိသျှ ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ဟောင်း ဘင်ဂျမင်ဒစ်ရေလီကလည်း အလားတူ အကြံဉာဏ်မျိုးကို ပေးခဲ့ဖူးသည်။ “လူတွေကို သူတို့ရဲ့ အကြောင်းကို ပြောပြပါ။ သူတို ့အကြောင်းပြောပြရင် သူတို ့ဟာ နာရီပေါင်း များစွာ နားထောင်ကြလိမ့်မည်” ဟု ပြောပြဖူးသည်။
