#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မြန်မာပြည်တွင်း တိုင်းရင်းသားအုပ်စု ခေါင်းဆောင်များနှင့် စတင်တွေ့ ဆုံနေကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြောကြား
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရေးအတွက် နည်းလမ်းများရှာသည့်အနေဖြင့် မြန်မာပြည်တွင်းတိုင်းရင်းသား အုပ်စုအမျိုးမျိုးမှ အဓိကခေါင်းဆောင်များနှင့် စတင်တွေ့ဆုံဆွေးနွေးနေကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က မလေးရှားအစိုးရ ဘာနားမားသတင်းဌာနနှင့်ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ထုတ်ဖော်ပြောကြားလိုက်သည်။
မြန်မာပြည်တွင်းရှိခေါင်းဆောင်များအနေဖြင့် တောင်းဆိုချက်အများအပြားဖြင့် ရောက်လာခဲ့ပြီး မိမိကလည်း ပို၍လက်တွေ့ကျသည့် အတိုချုံးတောင်းဆိုချက်စာရင်းဖြင့် တစ်ကျော့ပြန်လာရန် ၎င်းတို့ကိုတိုက်တွန်းခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ဘာနားမားသတင်းဌာနသို့ ထုတ်ဖော်ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် လက်ရှိတွင် ၂ဝ၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၏အကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်၏ အလွတ် သဘောအကြံပေးတာဝန်ကို မရယူမီ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် မြန်မာပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုအချို့မှ ခေါင်းဆောင်များနှင့် ပြီးခဲ့သည့်နှစ် မတ်လနှင့် ဧပြီလအကြား ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ်၌ တွေ့ဆုံဆွေးနွေးခဲ့ဖူးကြောင်း သတင်းပေါ် ထွက်ခဲ့သည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အကြံပေးအဖြစ် မြန်မာပြည်တွင်းတိုင်းရင်းသားအုပ်စုခေါင်းဆောင်များနှင့် မည်သည့်အချိန်တွင် တွေ့ဆုံခဲ့သည်ကို သက်ဆင်ရှင်နာဝပ်က ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။
မြန်မာနိုင်ငံအနေဖြင့် ရွေးကောက်ပွဲကျင်းပရေးမကြိုးပမ်းမီ ပြည်တွင်းတိုင်းရင်းသားအုပ်စု အမျိုးမျိုးယင်းရွေးကောက်ပွဲ၌ ပါဝင်နိုင်ရေးအတွက် ပိုမိုကျယ်ပြန့်လွှမ်းခြုံနိုင်မှုရှိသော လမ်းစဉ်တစ်ရပ်ကျင့်သုံးရန်လိုအပ်ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြောကြားထားသည်။
