Part-1
*“ရှားရှားပါးပါး ဒေါသ”
ဆရာမိုး (ဦးတင်မိုး)သည် စိတ်ဆိုးခဲ၏။ အမြဲပြုံးနေတတ်၏။ ဒေါသဖြစ်ခဲ ၏။ စိတ်လိုက်မာန်ပါ ပြောဆိုခဲ၏။ သူတစ်ပါးကို အမြဲတမ်း ကူညီတတ်၏။ သူများအကျိုးကို စိတ်ရောကိုယ်ပါနှစ်၍ လိုက်ပါဆောင်ရွက်ပေးတတ်၏။ ဒါ့ကြောင့် ဆရာနိုး (ဆရာ ဦးသာနိုး)ကလည်း ချစ်၏။ ဆရာမိုးကလည်း ဆရာနိုးအား အစ်ကိုရင်းပမာ ချစ်ခင်လေးစားကြည်ညို၏။
ထိုအတူ ဆရာစွမ်း (မောင်စွမ်းရည်)ကလည်း ဆရာမိုးအား အစ်ကိုကြီး သဖွယ် ချစ်ခင်လေးစား၏။ ဆရာမိုးကလည်း ဆရာစွမ်းကို ညီလေးပမာ ချစ်ခင် လေးစား၏။ ဒါ့ကြောင့် ဆရာစွမ်းနှင့် စကားပြောလျှင် ဆရာမိုးက “ငဝက်”ဟု ဆရာစွမ်းအား ခေါ်လေ့ရှိ၏။ (ဘာ့ကြောင့်ခေါ်မှန်းတော့ မသိ)။ ဆရာမိုးကိုကား အားလုံးက ချစ်ကြပါ၏။
မိုးတွင်းကာလ သောကြာနေ့တစ်နေ့၊ ညနေ ရုံးဆင်းချိန် သောကြာဝိုင်းသို့ သွားရန် ထမင်းချိုင့်ကလေးဆွဲပြီး ဆရာမိုးအခန်းလာခဲ့တယ်။ ဆရာမိုးလည်း စာအုပ်တွေသိမ်းပြီး ထမင်းချိုင့်ဆွဲထွက်ရန်ပြင်ပြီးမှ ထီးကျန်နေလို့ ရှာနေတယ်။ သူထားတဲ့နေရာမှာမရှိ။ ဒီတော့ ထားတတ်တဲ့နေရာမှန်သမျှ လိုက်ရှာနေတယ်။ ကျွန်တော်ကလည်း ထမင်းချိုင့်လေးဆွဲပြီး စောင့်နေတယ်။ ဒေါင်းတောက်အောင် ရှာသော်လည်း ဘယ်မှာမှမတွေ့ ။ ဌာနအကြီးအကဲဖြစ်တဲ့ ဆရာ ဦးကျော်အောင် (စာရေးဆရာ ကျော်အောင်)က ဆရာမိုးကို တစ်ခါတစ်ရံ ချစ်စနိုးနဲ့ စလေ့ နောက်လေ့ ရှိတယ်။ ဒီတစ်ခါလည်း ဦးကျော်အောင် စနောက်ထားတာလို့ထင်ပြီး မေးတယ်။ ဦးကျော်အောင်က ပြုံးပြုံး၊ ပြုံးပြုံးနဲ့ မယူတဲ့အကြောင်း ခပ်တည်တည်ပြန်ပြော တော့ သောကြာဝိုင်းကလည်း အချိန်နောက်ကျနေတော့ စိတ်နည်းနည်းတိုလာတယ်။ ထီးက ဘယ်လိုမှ ရှာမရ၊ မေးမရတော့ စိတ်တိုပြီး ထိုင်နေတဲ့ ကုလားထိုင်ကြီးကို မတဲ့ပြီး စားပွဲကို ဝုန်းခနဲထုရိုက်လိုက်တယ်။ ဆရာမိုး ဒေါသအရှိန် ဘယ်လောက် ပြင်းတယ်တော့မသိ၊ ငါးထပ်သားစားပွဲ မျက်နှာပြင်ကြီး ကုလားထိုင်ခြေထောက်စာ မိပြီး အပေါက်ကြီးဖြစ်သွားတယ်။ ငါးထပ်သားကိုတောင် ပေါက်အောင် ဆောင် လိုက်တဲ့ဒဏ် ဘယ်လောက်ပြင်းထန်သလဲဆိုတာ ခန့်မှန်းကြည့်ကြပေတော့။ အဲဒီ ငါးထပ်သားစားပွဲပေါက်ကြီး တက္ကသိုလ်ဘာသာပြန်နဲ့ စာအုပ်ထုတ်ဝေရေးဌာနမှာ ရှိလေရဲ့။
ဝုန်း ဆိုတဲ့အသံကြားတော့ ဆရာဦးကျော်အောင်နဲ့ တကွ ရုံးသူ ရုံးသားတွေ ရော လာကြည့်ကြတယ်။ ဆရာမိုးဟာ ရှက်လည်းရှက်၊ ဒေါသအရှိန်မသေသေးဘဲ လက်သီးဆုပ်ပြီး ထမင်းချိုင့်ဆွဲကာ သောကြာဝိုင်းသို့ ကျွန်တော်တို့နှစ်ယောက်သား ချီတက်ခဲ့ကြပါတော့တယ်။ လမ်းမှာလည်း စကားတစ်ခွန်းမျှမပြောနိုင်၊ ကြိတ်မနိုင် ခဲမရ ရှက်လည်းရှက် ဒေါသလည်းထွက်နဲ့ မျက်နှာသုန်သုန်မှုန်မှုန်နဲ့ ဦးနီ+ဒေါ်ကြည် တို့ဆိုင်ထဲ ဝင်ခဲ့ပါတော့တယ်။

#ဆက်ရန်ရှိ