11 w - Translate

အန္တရာယ်ဆိုတာ သင်မမြင်ရတဲ့ အရာပါ
ကျွန်တော်တို့ဟာ ထင်မှတ်မထားတဲ့ အံ့အားသင့်စရာတွေကလွဲပြီး �အနာဂတ်မှာ ဖြစ်တတ်တဲ့ အရာမှန်သမျှကို ခန့်မှန်းတာ အရမ်းတော်ပါတယ်။
လူတွေဟာ အနာဂတ်ကို ခန့်မှန်းတာ မတော်ကြဘူးဆိုတာ လူတိုင်းသိပါတယ်။ အဲဒါက အရေးကြီးတဲ့ ကွဲလွဲချက် တစ်ခုပါပဲ။ ကျွန်တော်တို့ဟာ ထင်မှတ်မထားတဲ့ အံ့အားသင့်စရာတွေကလွဲပြီး အနာဂတ်မှာ ဖြစ်တတ်တဲ့ အရာမှန်သမျှကို ခန့်မှန်းတာ အရမ်းတော်ပါတယ်။ ဘာဖြစ်လာမယ်ဆိုတာကို မသိမြင်နိုင်ခြင်းဟာ အကြီးမားဆုံး အန္တရာယ်ပါ။ ဖြစ်လာမယ့်အရာကို ဘယ်သူကမှ မသိမြင်ဘူးဆိုရင် ၊ အဲဒီအတွက် မည်သူကမှ ပြင်ဆင်ထားမှာမဟုတ်ပါဘူး။ ထိုအရာရောက်ရှိတဲ့အခါမှာတော့ ပျက်စီးဆုံရှုံးမှုများ ပိုမိုများပြားလာဖို့သာ ရှိပါတယ်။ အဲဒါကို ခက်ခက်ခဲခဲ လေ့လာသင်ယူခဲ့ရတဲ့ လူတစ်ယောက်အကြောင်းကို ပြောပြပါ့မယ်။
__________
NASA အာကာသယာဉ်မှုးများဟာ အာကာသထဲသို့ ဒုံးပျံဖြင့် မသွားရောက်ခင်မှာ ကောင်းကင်သို့ အမြင့်ပျံလေပူဖောင်းများဖြင့် ပျံတက်ကာ လေ့ကျင့်စမ်းသပ်ကြပါတယ်။ အမေရိကန်လူမျိုး Victor Prather နှင့်အတူ နောက်ထပ် ပိုင်းလော့ တစ်ယောက်တို့ဟာ ၁၉၆၁ ခုနှစ် မေလ ၄ ရက်နေ့မှာ အာကာသထဲသို့ ရောက်ခါနီးပြီဖြစ်တဲ့ အမြင့်ပေ ၁ သိန်းကျော်အထိ အမြင့်ပျံလေပူဖောင်းဖြင့် ပျံတက်ခဲ့ပါတယ်။ ရယ်ရွယ်ချက်ကတော့ NASA ဟာ ၎င်းတို့ရဲ့ အာကာသဝတ်စုံကို စမ်းသပ်ဖို့ ဖြစ်ပါတယ်။ ပျံသန်းမှုအောင်မြင်ခဲ့ပါတယ်။ အာကာသဝတ်စုံလည်း ကောင်းမွန်စွာ အလုပ်လုပ်ပါတယ်။
Prather ဟာ ကမ္ဘာမြေပေါ်သို့ ဆင်းသက်ခဲ့ပါတယ်။ ဆင်းသက်နေစဉ်အတွင်း လေ ကောင်းကောင်းရှူလို့ရတဲ့ အမြင့်ပေအရောက်မှာ ခေါင်းဆောင်းမှမျက်နှာကာမှန်ဖုံး ကိုဖွင့်ပြီး အသက်ရူပါတယ်။ သူဟာ ရဟတ်ယာဉ်လာကြိုမယ့် သမုဒ္ဒရာထဲသို့ စီစဉ်ထားတဲ့အတိုင်း ဆင်းသက်ခဲ့တယ် ဆိုပေမယ့် အနည်းငယ် ကံခေ ခဲ့ပါတယ်။ ရဟတ်ယာဉ်ပေါ်မှ ချပေးလိုက်တဲ့ ကယ်ဆယ်ရေးကြိုးနဲ့ ချိတ်ဆက်နေစဉ်မှာပဲ Prather ဟာ သမုဒ္ဒရာထဲသို့ ခြေချော်ကျသွားခဲ့ပါတယ်။ ထိုအရာက ပြဿနာကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ ရဟတ်ယာဉ်ပေါ်မှ ကယ်ဆယ်ရေးသမားများလည်း ထိတ်လန့်တုန်လှုပ်သွားစရာ အကြောင်းမရှိပါဘူး။ အာကာသဝတ်စုံကို ရေထဲမနစ်သွားပဲ ပေါလောပေါ်အောင် ဖန်တီးထားလို့ပါ။ ဒါပေမယ့် Prather က ခေါင်းဆောင်း မှ မျက်နှာကာမှန်ဖုံး ကို ဖွင့်ထားမိတာကြောင့် ဝတ်စုံထဲသို့ ရေတွေ ဒလဟော ဝင်လာပြီး သူ ရေနစ်သွားခဲ့ပါတယ်။
လူတစ်ယောက်ကို အာကာသထဲ ပို့ဆောင်နိုင်ဖို့ များပြားလှတဲ့ အစီအမံတွေကို စဉ်းစားထားဖို့လိုပါတယ်။ ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုပေါင်းများစွာ ၊ ဖြစ်နိုင်ခြေ များစွာတို့ကို ထည့်သွင်းစီမံကြရတာပါ။ ဘာဖြစ်ရင် ဘာလုပ်မယ် ၊ ဘာပြီးရင် ဘာလုပ်မယ် စသဖြင့် အများကြီးပါ။ ကျွမ်းကျင်ပညာရှင်ပေါင်းထောင်နဲ့ချီပြီး ပြည့်စုံအောင် အသေးစိတ် စီစဉ်ကြရတာပါ။ NASA ဆိုတာ အကောင်းဆုံးသော စီမံမှုကိုဗဟိုပြုတဲ့ အဖွဲ့အစည်းတစ်ခုလို့ ပြောလို့ရပါတယ်။ လကမ္ဘာပေါ်ရောက်ဖို့ဆိုတာ တော်ရုံတန်ရုံလွယ်ကူလှတဲ့ ကိစ္စရပ်တော့ မဟုတ်ပါဘူး။ ဖြစ်နိုင်သမျှ အန္တရာယ်များကို စိတ်ကူးပုံဖော်ပြီး တစ်ခုအလုပ်မဖြစ်ရင် နောက်တစ်ခုအလုပ်ဖြစ်အောင် ပထမ အစီအစဉ် ၊ ဒုတိယ အစီအစဉ် ၊ တတိယ အစီအစဉ် ရယ်လို့ စီမံထားကြရတာပါ။ အဲဒီလောက် အသေးစိတ် စီမံထားတာတောင် ဘယ်သူမှ မစဉ်းစားမိခဲ့တဲ့ အလွန်သေးငယ်သော အရာက ပျက်စီးခြင်းသို့ ဦးတည်သွားစေပါတယ်။
ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြံပေး Carl Richards က အခုလို ပြောဖူးပါတယ်။
" ဖြစ်လာမယ်ဆိုပြီး သင်တွေးထင်ထားတဲ့အရာတိုင်းကို ဖြတ်ကျော်ပြီးမှ အန္တရာယ်ဆိုတာ ဖြစ်ပေါ်လာတာပါ။ "
အဲဒါကမှ အန္တရာယ်ရဲ့ တကယ့်အဓိပ္ပါယ်ဖွင့်ဆိုချက်ပါ။ အန္တရာယ်ဆိုတာ သင် စိတ်ကူးပြီး ရင်ဆိုင်ဖို့ပြင်ဆင်ထားတဲ့အရာတိုင်းကို ဖြတ်ကျော်ပြီးမှ ဖြစ်ပေါ်လာတာပါ။ အန္တရာယ်ဆိုတာ သင်မမြင်ရတဲ့ အရာပါ။
နိယာမ စာအုပ်မှ

image