Part-1
နိဒါန်း
ကျွန်တော်တို့အားလုံးစကားပြောရမည်
၁။ လေထီးမပါဘဲ လေယာဉ်ပျံတစ်စီးက ခုန်ချမလား။
သို့မဟုတ်
၂။ ညစာစားပွဲတစ်ခုမှာ တစ်ခါမျှမဆုံဖူးသူရဲ့ ဘေးမှာ ထိုင်မလား။
အကယ်၍ သင်သည် နံပါတ် ၁ ကိုရွေးချယ်လျှင် သင့်လို လူ တွေအများကြီးရှိသည်။ စကားပြောသည့်ကိစ္စသည် ကျွန်တော်တို့အားလုံး နေ့စဉ်လုပ်နေသည့်ကိစ္စ ဖြစ်သော်လည်း ကျပ်တည်းသည့် အခြေအနေများစွာ ကြုံရသလို ပို၍အဆင်ပြေ နိုင်သည့် အခြေအနေများလည်းရှိသည်။ လူအများနှင့် ဆက်ဆံ ရာ၌ဖြစ်စေ၊ လုပ်ငန်းသဘောအရဖြစ်စေ စကားပြောဆိုရာတွင် အောင်မြင်ရန်နည်းလမ်းမှာ စကားပြောခြင်းဖြင့် စတင်ရန်ဖြစ် သည်။ စကားပြောသူ တစ်ယောက်အနေဖြင့် သင့်ကိုယ်သင် မယုံကြည်လျှင်၊ စကားပြောရမည်ကို ကြောက်နေလျှင် ထိုလမ်း သည် ကြမ်းတမ်းခက်ထန်နိုင်သည်။
ထို့ကြောင့်ပင် ဤစာအုပ်ကို ချောမွေ့ သည့်လမ်း တစ် လမ်းဖြစ်ရန်အတွက် ကျွန်တော်ရေးခြင်းဖြစ်သည်။ ကျွန်တော့်အနေဖြင့် စကားပြောပြီး အသက်မွေးလာသည်မှာ ၃၇ နှစ် ရှိပြီး ရေဒီယိုနှင့် ရုပ်မြင်သံကြား အသံလွှင့်ထုတ်မှုများ၌ မီခေးလ်ဂေါ်ဗာချော့မှ အစ မိုက်ကယ်ဂျော်ဒန်အဆုံး ပုဂ္ဂိုလ်ပေါင်းများစွာနှင့် စကားပြောဆိုခဲ့ရသည်။ ရဲများ မှအစ အရောင်းသမားများအဆုံး အုပ်စုပေါင်းများစွာကို လည်းမိန့်ခွန်းများ မှန်မှန်ပြောဆိုခဲ့သည်။ နောက်လာမည့် စာမျက်နှာများ၌ တစ်ဦးချင်းကို ပြောသည်ဖြစ်စေ၊ ရာပေါင်းများ စွာကို ပြောသည်ဖြစ်စေ ကျွန်တော်ဆည်းပူးခဲ့ရသည့် သင်ခန်းစာ များအကြောင်းကို ဖော်ပြထားသည်။
ကျွန်တော့်အတွက် စကားပြောဆိုခြင်းသည် ဘဝ အတွက် ပျော်စရာအကောင်းဆုံး ကိစ္စတစ်ခုဖြစ်ပြီး ကျွန်တော် အမြဲတမ်း လုပ်ချင်သည့် ကိစ္စတစ်ခုဖြစ်သည်။ ကျွန်တော် ငယ်စဉ်ကကိစ္စနှင့်ပတ်သက်၍ မှတ်မိသမျှတစ်ခုမှာ ဘရုကလင်း တွင် ၈၆ လမ်းနှင့် ဘေးပတ်ခ်ဝေးထောင့်၌ ရပ်ကာ ဖြတ်သန်း မောင်းနှင်လာသည့် ကားများကို မည်သည့်နိုင်ငံကလုပ်ကြောင်း ကြေညာသည့်အချိန်က ဖြစ်သည်။ ထိုအချိန်က ကျွန်တော်သည် ခုနစ်နှစ်သား အရွယ်သာဖြစ်ပြီး ကျွန်တော့်သူငယ်ချင်းများက ကျွန်တော့်ကို “လေအိုးကြီး”ဟုခေါ်ကြသည်။ ထိုအချိန်ကစတင် ၍ ကျွန်တော် စကားပြောနေသည်။
ထိုအချိန်ကစ၍ ယခုအချိန်ထိ ကျွန်တော့်၏ မိတ်ဆွေ ကောင်းဖြစ်နေသော ဟာ့ဘ်ကိုဟင်က အဲဘတ်စ်ကစားကွင်း၌ ဒေါ့ဂျား ဘယ်လိုကစားသည်ကို ဘယ်လိုအသံလွှင့်ကြောင်း ပြော လေ့ရှိသည်။ ကျွန်တော့်ဘာသာ ကျွန်တော် အမှတ်ပေးသည့် ကတ်ပြားများယူကာ ထိုပွဲစဉ်ကို အသံလွှင့်ပုံလုပ်လေ့ရှိသည်။ ထို့နောက် အိမ်ပြန်လာပြီး ကျွန်တော့်မိတ်ဆွေများအား ကစားပွဲ နှင့်ပတ်သက်၍ အစစအရာရာ ပြန်ပြောသည်။ ဟာ့ဘ်က “လယ်ရီဟာ အဲဘတ်ကစားကွင်းကို သွားတယ်၊ အဲဒီပွဲဟာ ၂ နာရီနဲ့ ၁ဝ မိနစ် ကြာတယ်ဆိုရင် လယ်ရီက အဲဒီပွဲကို ၂ နာရီ ၁ဝ မိနစ်ကြာအောင် ပြောနိုင်တယ်” ဟူ၍ ပြောလေ့ရှိ သည်။ ဟာဘီနှင့်ကျွန်တော် ၁၀ နှစ်သားအရွယ်က ကျောင်း အုပ်ကြီးရုံးခန်းတွင် ပထမဆုံးတွေ့ ခဲ့ကြသည်။ ကျွန်တော် ရုံးခန်း ထဲဝင်သွားသည့်အခါ သူကရောက်နေသည်။ ယခုအခါ ကျွန်တော်တို့ အဘယ်ကြောင့် ကျောင်းအုပ်ကြီးရုံးခန်းသို့ အပို့ ခံရသည်ကို မမှတ်မိကြသော်လည်း ကျွန်တော်တို့နှစ်ယောက် စလုံး အတန်းထဲမှာ စကားပြော၍ဖြစ်နိုင်သည်။
#ဆက်ရန်ရှိ
