DeepSeek လိုမျိုး AI Model တွေ ထုတ်မယ့် ယူအေအီး
AI နည်းပညာပြိုင်ဆိုင်မှုက အရှေ့အလယ်ပိုင်း အာရပ်သူဌေးတွေဆီပါ ကူးစက်လာနေပါတယ်။
အခုဆို ယူအေအီးကလည်း AI model သစ်တွေ ထုတ်သွားမယ့်အကြောင်း ပြောလာပါတယ်။ ယူအေအီးအာဏာပိုင်တွေက တန်ဖိုးနည်း တရုတ် DeepSeek နည်းပညာကို အားကျပြီး DeepSeek စတိုင် AI တွေ ဖန်တီးတော့မှာပါ။
ဒူဘိုင်းမှာ ဒီတစ်ပတ် ကျင်းပနေတဲ့ ကမ္ဘာ့အစိုးရများဆန်းမစ်မှာ ယူအေအီးနိုင်ငံ အဆင့်မြင့်နည်းပညာသုတေသနကောင်စီ ဥက္ကဌ ဖိုင်ဆယ် အယ်လ် ဘန်နိုင်းက ဒီသတင်းစကား ပေးသွားတာပါ။
"အံ့ဖွယ်သတင်းပါပဲ။ ဒီဂိမ်းက အခုမှ အစပဲ ရှိသေးတယ်လို့ သက်သေပြသွားတာ" ဆိုပြီး DeepSeek ကြောင့် အမေရိကန်စတော့တွေ ကသောင်းကနင်း ဖြစ်ကုန်တာကို ဘန်နိုင်းက ညွှန်းခဲ့ပါတယ်။
ဘန်နိုင်းက ယူအေအီးရဲ့ AI model ဖြစ်တဲ့ Falcon ကို ထုတ်ခဲ့တဲ့နောက်ကွယ်က ခေါင်းဆောင်ပါ။ ၂၀၂၃ မှာ ထွက်ခဲ့တဲ့ Falcon က Large Language Model လောကမှာ OpenAI ထုတ် ChatGPT လို ထိပ်တန်း မော်ဒယ်တွေနဲ့ ယှဉ်နိုင်စွမ်းရှိခဲ့ပါတယ်။
ယူအေအီးမှာက Falcon အပြင် အာရေဗျစကားသုံး Jais AI chatbot လည်း ထုတ်ထားပါတယ်။ အခုတော့ AI ခေတ်ဦးကို အမှီလိုက်ဖို့ အသေအချာပြင်ဆင်လာပုံပါပဲ။ ယူအေအီးလိုပဲ ဆော်ဒီအာရေဗျနိုင်ငံကလည်း AI ဒေတာစင်တာမှာ ဒေါ်လာ ၅ ဘီလျံ ရင်းနှီးမြှပ်နှံဖို့ ပြင်နေပါတယ်။
ရေနံလောင်စာနဲ့ ချမ်းသာတဲ့နိုင်ငံတွေတော့ နည်းပညာအစွမ်းနဲ့ စီးပွားရေးကို မြှင့်ဖို့ အသင့်ဖြစ်နေပြီလို့ ဆိုရမှာပါ။
