စျေးကွက်အတွင်း ဆေးဝါးမှတ်ပုံတင်မရှိသော OXYTOCIN ဆေးများ သုံးစွဲရန်မသင့်ကြောင်း FDA သတိပေး
ဖေဖော်ဝါရီ ၁၇
စျေးကွက်အတွင်း၌ ဆေးဝါးမှတ်ပုံတင်မရှိသော OXYTOCIN ဆေးများ ရောင်းချမှုများရှိနေပြီး သုံးစွဲရန် မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ယနေ့ (ဖေဖော်ဝါရီလ ၁၇ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဈေးကွက်ရှိဆေးဝါးများကို ပုံမှန်စစ်ဆေးလျက်ရှိပြီး အရည်အသွေး၊ အာနိသင၊ ဘေးအန္တရာယ်အာမခံချက်မရှိသည့် ဆေးဝါးမှတ်ပုံတင်မရှိသော OXYTOCIN ဆေးများကို ဈေးကွက်အတွင်းရောင်းချနေခြင်းအားတွေ့ရှိရသည်ဟုဆိုသည်။
ထိုသို့တွေ့ရှိရသဖြင့် ပြည်သူများ သတိပြုနိုင်ရန် နှင့် သုံးစွဲခြင်းမှရှောင်ကျဉ်နိုင်ရန် မှတ်ပုံတင်ရှိသောဆေးဝါးနှင့် တရားမဝင်ဆေးဝါးများကို FDA က နှိုင်းယှဉ်အသိ ပေးထုတ်ပြန်ထားသည်။
တရားဝင် တင်သွင်းထားသော OXYTOCIN ဆေးဘူးနှင့် ဆေးကဒ်များတွင် မြန်မာနိုင်ငံ၏ ဆေးဝါးမှတ်ပုံတင် အမှတ် (Mya Reg 2807EA02536) ပါရှိကြောင်း သိရသည်။ စာသားများကိုလည်း အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားကြောင်း သိရသည်။
ထို့ပြင် တရားမဝင် တင်သွင်းထားသော OXYTOCIN ဆေးဘူးနှင့် ဆေးကဒ်များတွင် မြန်မာနိုင်ငံ၏ ဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသည့်အပြင် စာသားများမှာ ပါကစ္စတန်ဘာသာဖြင့် ဖော်ပြထားကြောင်း FDA က အသိပေး ထားသည်။
#သတင်းဟင်းလေးအိုးကြီး
