လူတူစက်ရုပ်က ဆန်ဖရန်စစ္စကို ညကလပ်မှာ DJ နဲ့ ဖျော်ဖြေခဲ့
===================================
စက်ရုပ်တွေကို နယ်ပယ်ပေါင်းစုံမှာ အသုံးပြုလာကြပြီး အခုတော့ အနုပညာရှင် စက်ရုပ်တွေလည်း ထွက်ပေါ်လာပါပြီ။
Foundation Robotics Lab က တီထွင်ထားတဲ့ Phantom MK1 လူတူစက်ရုပ်ဟာ ဆန်ဖရန်စစ္စကို ညကလပ်ရဲ့ ၂၅ နှစ်ပြည့် အထိမ်းအမှတ် “GigaParty” မှာ DJ နဲ့ ဖျော်ဖြေခဲ့ပါတယ်။ စက်ရုပ်ဟာ သီချင်းတွေ ပြောင်းဖွင့်တဲ့အခါမှာ လျှင်မြန်သလို တိကျပါတယ်။ DJ တီးခတ်စဉ်မှာ လက်ချောင်းတွေဟာ ချောမွတ်ပြီး တည်ငြိမ်တာကို တွေ့ရပါတယ်။
စက်ရုပ်ရဲ့ အောက်ပိုင်းမှာ ဟန်ချက်ညီအောင် ပြုလုပ်ပေးတဲ့ စနစ်ကို ထည့်သွင်းထားပြီး ကိုယ်ထည် အထက်ပိုင်းမှာ Processor , Cameras , Batteries နဲ့ Sensors တွေ တပ်ဆင်ထားပါတယ်။
Phantom MK1 ရဲ့ အလေးချိန်ဟာ ၁၇၅ ပေါင် ရှိပြီး အရပ်အမြင့်က ၁.၇၅ မီတာ (၅ ပေ ၉ လက်မ) ရှိပါတယ်။ စက်ရုပ်ဟာ ၂၀ ကီလိုဂရမ် (၄၄ ပေါင်) အလေးချိန်ရှိတဲ့ ပစ္စည်းတွေကို သယ်ဆောင်နိုင်ပါတယ်။ စက်ရုပ်ဟာ DJ တီးခတ်တာတင်မကဘဲ အဖျော်ယမကာကိုလည်း ဖျော်နိုင်ပါတယ်။
