တစ်နေ့သ၌ ရွာသူကြီး သားအဖနှစ်ယောက်သည် တစ်ဖက်ရွာမှ အိမ်အပြန် တောထဲ တစ်နေရာ၌ ဆင်ကြီးကို ဂဠုန်ချီသွားသည်ကို တွေ့လိုက် လေ၏.။ ထို အခြင်းအရာကို သားဖြစ်သူကအဖေ ဆင်ကြီးကို ချီသွားတာ ဘာငှက်ကြီးလဲ´ ဟုမေးရာ အဖေဖြစ်သူက ဂဠုန်ငှက်လို့ ခေါ်တယ် ငါ့သားရ´ ဟု ပြန်ပြောလေသည်။ သားဖြစ်သူက အဖေ ဂဠုန်ဆိုတာ တကယ်ရှိလို့လား´ ဟု ဆက်မေးရာတကယ်ရှိလို့ အခု ဆင်ကြီးကို ချီသွားတာ ငါ့သားတွေ့လိုက်တာပေါ့ ´ ဟုပြောပြီး အိမ်ပြန်ခဲ့ကြလေသည်။ရွာအနီးသို့ရောက်လျှင် ငါ့သား ဆင်ကြီးကို ဂဠုန်ချီသွားတယ်ဆိုတာ ဘယ်သူ့ကို မှ လိုက်မပြောနဲ့´ ဟု ကတိတောင်းလေရာ သားဖြစ်သူကလည်း ဟုတ်ကဲ့ အဖေ´ ဟုပြောလိုက်လေသည်။နောက်တစ်နေ့တွင် သားဖြစ်သူသည် လူငယ်ပီပီ ထူးထူးဆန်းဆန်းတွေ့လျှင် မပြောရ မနေနိုင်သည်ဖြစ်ရာ သူ၏ သူငယ်ချင်းကို ထိုအကြောင်းကို ပြောပြလေသည်။ ထိုသူမှာ မယုံသည်ဖြစ်၍ ငြင်းခုန်ရင်း အလောင်းအစားလုပ်ကြလေသည်။ သူကြီးသားက မယုံရင် ငါ့အဖေကို သွားမေးမယ် ၊ ငါ့အဖေက လူကြီးဆိုတော့ ညာမှာ မဟုတ်ဘူး ၊ တကယ်လို့ မဟုတ်ဘူးဆိုရင် နွားတစ်ကောင်ကြေး´ ဟုဆိုလျက် သူကြီးထံ သို့ သွားကြလေသည်။သူကြီးထံသို့ရောက်လျှင် သူကြီးသား၏ သူငယ်ချင်းဖြစ်သူမှာ အကြောင်းစုံပြောပြလျက် မဖြစ်နိုင်ကြောင်းပြောလေရာ သူကြီးကလည်း.. ဂဠုန်ဆိုတာ ဘယ်မှာရှိမှာလဲ ငါ့သားရူးလို့ ပြောတာနေမှာပါ ´ ဟု ပြန်ပြောလိုက်သည် ဖြစ်ရာ သူကြီးသားမှာ နွားတစ်ကောင် ရှုံးသွားလေသည်။
ထိုအခြင်းအရာကို သားဖြစ်သူက မကျေမနပ်နှင့်အဖေဗျာ မမိုက်ဘူးဗျာ ဆင်ကြီးကိုဂဠုန်ချီသွားတာ အဖေရော ကျနော်ရော မြင်လိုက်တာပဲ .. ဘာလို့ မဟုတ်ဘူးလို့ ပြောလိုက်ရတာလဲ ´ ဆိုရာ အဖေဖြစ်သူက ငါ့သား လူတွေက မှန်တာပြောရင် မယုံတာများတယ်၊ မမှန်တာ ပြောရင်တော့ ယုံတတ်ကြတယ်..ငါ့သား အခု လူတွေကို ငါ့အဖေ သမင်တစ်ကောင်ကို မြားနဲ့ပစ်လိုက်တာ မြားတစ်စင်းထဲနဲ့ ခေါင်းရယ် နားရွက်ရယ် ရှေ့ခြေရယ် သုံးခုလုံးကို ဖောက်ပြီး မှန်သွားတယ်လို့ လိုက်ပြောချေ..´ ဟု စေခိုင်းလေသည်။သူကြီးသားလည်း သူ၏ သူငယ်ချင်းတွေကို ထိုအခြင်းအရာကို ပြောပြသည်ဖြစ်ရာ ဘယ်လိုဖြစ်နိုင်မှာလဲ´ ယုတ္တိမရှိတာ ဘာညာနှင့်ငြင်းခုန်ကြပြန်လေသည်။ ထိုအခါ သူကြီးသားက နွားနှစ်ကောင် ကြေးလောင်းကြပြန်လျက် သူကြီးထံသို့ လာခဲ့ကြပြန်သည်။ သူကြီး.. သူကြီး သမင်ကို မြားတစ်စင်းနဲ့ပစ်လိုက်တာ ခေါင်းရယ် နားရွက်ရယ် ရှေ့ခြေရယ် သုံးခုလုံးကို ဖောက်ဝင်သွားတယ်ဆို´ ဟု မေးကြလေရာဟုတ်တယ်လေ..´ ဟု သူကြီးဖြစ်သူက ပြန်ပြောလျှင် သူကြီး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ´ ဟု ပြောကြလေရာ` ကိုင်း ငါ သမင်ကို သွားပစ်တော့ သမင်က ရေသောက်နေတယ်၊ ရေသောက်နေရင်း နားရွက်ယားလို့ဆိုပြီးတော့ ရှေ့ခြေနဲ့ ကုတ်လိုက်ရာ မြားတစ်စင်းနဲ့ ခေါင်းရယ် နားရွက်ရယ် ရှေ့ခြေရယ်ဖောက်ဝင်သွားတာပေါ့´ ဟု ပြောလိုက်လေရာသူကြီးသား သူငယ်ချင်းတစ်သိုက်လည်း ဟုတ်ပေသည် ဟု လက်ခံကြလေသည် ။ သူကြီးသားလည်း နွားနှစ်ကောင်နိုင်လိုက်လေသည်။ ထိုကြောင့် ပြောစမှတ်တစ်ခု တွင်သွားသည်။ ခေါင်းရယ် နားရွက်ရယ် ရှေ့ခြေရယ် တစ်ချက်တည်းမှန်အောင်ပစ်တတ်ဖို့ လိုတယ်တဲ့
