#နိုင်ငံတကာသတင်း
◾️သဟဇာတဖြစ်သောနိုင်ငံများသို့ ဒရုန်းများ ဂျပန်ပိုမိုထောက်ပံ့မည်
တရားဝင်လုံခြုံရေးအကူအညီ(OSA) ဟု အမည်ရှိ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အသစ်တစ်ခုအရ အာရှနှင့်အာရှပြင်ပမှ နိုင်ငံများအား ဒရုန်းများပိုမိုထောက်ပံ့သွားရန် ဂျပန်အစိုးရ က စီစဉ်ထားကြောင်း ဂျပန်သတင်းအေဂျင်စီ NHK က ဖော်ပြသည်။
ဂျပန်နိုင်ငံနှင့်သဟဇာတဖြစ်သောနိုင်ငံများအား ကာကွယ်ရေး နှင့် အခြားပစ္စည်းများ ထောက်ပံ့ပေးခြင်းဖြင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းလာစေရန်ရည်ရွယ်ပြီး ဂျပန် က ယင်းမူဘောင်သစ်ကို ၂၀၂၃ ခုနှစ် တွင်စတင်ခဲ့ကြောင်း သိရသည်။
ဧပြီလမှ စတင်မည့် လာမည့်ဘဏ္ဍာနှစ်အတွက် OSA ဘတ်ဂျက်အား ဂျပန်အစိုးရ က အမေရိကန်ဒေါ်လာသန်း ၂၀ နီးပါးတိုးမြှင့်ထားကာ ဒေါ်လာ ၅၃ သန်းအထိ OSA အတွက်သုံးစွဲရန် လျာထားခဲ့သည်။
ယင်းအကူအညီပေးရေး အစီအစဉ်အရ အာရှ နှင့် အာရှပြင်ပမှ နိုင်ငံများအား ဂျပန် က ဒရုန်းများ ပိုမိုထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။
အဆိုပါနိုင်ငံများသည် လုံခြုံရေးတိုးမြှင့်ရန် ဒရုန်းများကို ပိုမိုအလိုရှိကြကြောင်း အစိုးရသတင်းရင်းမြစ်များက ပြောကြားသည်။
သို့ရာတွင် လျှို့ဝှက်သတင်းအချက်အလက်များ ပေါက်ကြားမည်ကို စိုးရိမ်ကာ တရုတ် နှင့် တခြားနေရာများတွင် ထုတ်လုပ်သော ဒရုန်းများကို ဝယ်ယူရန် ၎င်းတို့က စိတ်အားထက်သန်မှု မရှိကြဟုဆိုသည်။
တစ်ဖက်တွင်လည်း ဂျပန်နိုင်ငံလုပ်ဒရုန်းများမှာ စိတ်ချရမှုနှင့် အရည်အသွေးကြောင့် နာမည်ရနေကာ ဝယ်လိုအားမြင့်တက်နေသည်ဟုသိရသည်။
အဆိုပါထုတ်ကုန်များနှင့် ပတ်သက်၍ သတင်းအချက်အလက် စုဆောင်းရေးအတွက် ဂျပန်အစိုးရ က ကုမ္ပဏီပေါင်း ၈၀ ခန့်ကို အသိပေးထားသည်။
OSA မူဘောင်အရ ဒရုန်းများပေးအပ်ခြင်းဖြင့် စိတ်တူကိုယ်တူနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန် နှင့် ဆက်စပ်ပြည်တွင်းလုပ်ငန်းများအား အခြေခိုင်လာစေရန် ဂျပန်အစိုးရ က မျှော်လင့်ထားသည်။
