#နိုင်ငံတကာသတင်း
◾️ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ရုရှားနှင့်ဆွေးနွေးမှုတိုးတက်အောင်လုပ်နိုင်ခဲ့ကြောင်း ဒေါ်နယ်ထရန့်ပြောကြား
ရုရှားနှင့်ယူကရိန်းကြားကစစ်ပွဲအဆုံးသတ်ရေးဆွေးနွေးမှုများတွင်အမေရိကန်က တိုးတက်မှု ရှိအောင် လုပ် ဆောင်နိုင်ခဲ့သည်ဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသော်လည်း ရုရှား သမ္မတပူတင်နှင့် ၎ငတို့ကြားဆွေးနွေးမှု အသေးစိတ်အချက်အလက်များကိုမူ ပြောကြားခြင်းမရှိပေ။
သမ္မတလေယာဉ် Air Force One ပေါ်တွင် သတင်းထောက်များအား ပြောကြားရာ၌ ၎င်းတို့နှစ်ဦးကြား အဆက်အသွယ်ရှိခဲ့ကြောင်း ထရန့်က အရိပ်အမြွက်ပြောကြားခဲ့ရာ ယင်းမှာ ပူတင်နှင့် အမေရိကန်သမ္မတတစ်ဦးကြားက ဆွေးနွေးမှုကို ၂၀၂၂ ခုနှစ် အစောပိုင်းနောက်ပိုင်းပထမဆုံးအကြိမ် တရားဝင် အသိအမှတ်ပြုခြင်းဖြစ်သည်။
ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတဖြစ်လာပြီးနောက်ပိုင်း သို့မဟုတ် ယင်းမတိုင်ခင် ပူတင်နှင့် ပြောဆိုခဲ့သလားဟု မေးမြန်းချိန်တွင် “ စကားပြောခဲ့ပါတယ်၊ ကျွန်တော်သူနဲ့ စကားပြောခဲ့တယ်လို့ပဲ ဆိုကြပါစို့။ နောက်ထပ်လည်း အများကြီးပြောဆိုဆွေးနွေးသွားဦးမှာပါ။ ကျွန်တော်တို့ အဲဒီစစ်ပွဲကို အဆုံးသတ်ပစ်ရမယ်။” ဟု ထရန့်က ဆိုသည်
“ကျွန်တော်တို့စကားပြောခဲ့တယ်ပဲဆိုကြပါစို့၊အပြန်အလှန်ဘာတွေပြောခဲ့ကြတယ် ဆိုတာကို ကျွန်တော် မပြောချင်ပါဘူး။ ကျွန်တော်တို့ တိုးတက်မှုရနေတယ်လို့တော့ ယုံကြည်ပါတယ်။ ယူကရိန်း-ရုရှား စစ်ပွဲကို ကျွန်တော်တို့ ရပ်ပစ်ချင်ပါတယ်။” ဟု ထရန့်က ဆက်လက်ပြောကြားသည်။
ထို့နောက်အမေရိကန် က ရုရှား ၊ ယူကရိန်း နှစ်ဖက်စလုံးနှင့်ဆွေးနွေးနေကြောင်း ဒေါ်နယ်ထရန့်က ဆိုသည်။
ယင်းစစ်ပွဲကို အဆုံးသတ်ပစ်မည်ဟု ဒေါ်နယ်ထရန့် က ကတိပြုထားသော်လည်း မည်သို့ အဆုံးသတ်မည်ဆိုသည်ကို လူသိရှင်ကြား ချပြထားခြင်းမရှိပေ။
ပြီးခဲ့သည့်သောကြာနေ့က နယူးယောက်ပို့စ် သတင်းစာနှင့် တွေ့ဆုံမေးမြန်းမှုတွင်လည်း ၎င်း နှင့် ပူတင်ကြား အကြိမ်ရေမည်မျှဆွေးနွေးခဲ့သည်ကို ၎င်းအနေနှင့် မပြောတာကောင်းမည် ဟု ထရန့်က ပြောဆိုပြီး နောက်ဆုံးဆွေးနွေးမှု မည်သည့်အချိန်က ဖြစ်ခဲ့သည်ကိုလည်း မပြောပေ။
ယင်းနှင့် ပတ်သက်၍ မတူညီသောဆက်သွယ်မှုများထွက်ပေါ်လာနေကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်ကလည်း ရုရှားအစိုးရ သတင်းဌာန တာ့စ်ကို ပြောကြားသည်။
“ ကျွန်တော် ကိုယ်တိုင် မသိလိုက်တာ ၊ သတိမထားလိုက်မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီကိစ္စမှာ ငြင်းလည်းမငြင်းနိုင်သလို အတည်လည်း မပြုနိုင်ပါဘူး။” ဟု မှတ်ချက်ပေးသည်။
နှစ်နိုင်ငံကြားက ဆက်သွယ်ပြောဆိုမှုများကို အကျယ်တဝင့်ပြောရန်ငြင်းဆိုခဲ့ကာ အကဲဆတ်သောဆွေးနွေးမှု အများအပြားဖြစ်ပေါ်နေကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေါ့ဇ်ကလည်း အန်ဘီစီသတင်းဌာနကို ပြောကြားသည်။
