ဘိလပ်မြေစက်ရုံများအတွက်လိုအပ်သည့် ကုန်ကြမ်းကျောက်မီးသွေးကို ပြည်ပမှတင်သွင်းခွင့်ပြုမည် ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများ လည်ပတ်နိုင်ရန်အတွက် လိုအပ်သည့်စက်မှုကုန်ကြမ်း ကျောက်မီးသွေးကို ပြည်ပမှတင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ဘိ လပ်မြေတင်သွင်းမှုနှင့်သက်ဆိုင်သည့် တာဝန်ရှိသူများက ပြောကြားသည်။

ပြည်တွင်းရှိစက်ရုံများ၏ ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် ဘိ လပ်မြေစက်ရုံများ စဉ်ဆက်မပြတ် ကုန်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်‌သော စက်မှုကုန်ကြမ်းဖြစ်သည့် ကျောက်မီးသွေးများကို ယခုဖေဖော်ဝါရီလမှစတင်၍ ပြည်ပမှတင်သွင်းခွင့်ပြုပေးမည်ဖြစ်ရာ လိုအပ်သော ဘိလပ်မြေစက်ရုံများအနေဖြင့် သွင်းကုန်လိုင်စင်များကို လျှောက်ထားနိုင်ကြောင်း သိရသည်။

"ဘိလပ်မြေက ပစ္စည်းတွေပြတ်လုနီးပါးဖြစ်နေတယ်။ ပြည်တွင်းမှာလည်း မထုတ်နိုင်သလို လက်ကျန်ပစ္စည်းတွေ ကလည်း အဆမတန်ဈေးမြင့်တက်နေတာ။ သွင်းခွင့်ပိတ်ထားတာကလည်း ကြာလှနေပြီ။ ဘာမှလုပ်လို့မရဘူး။" ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့ပြင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် နိုင်ငံတစ်ဝန်းတွင် ဆောက် လုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဆောက် လုပ်ရေးလုပ်ငန်းများအတွက် ပြည်တွင်း ဘိလပ်မြေထုတ်လုပ်မှုများကို အားဖြည့်ရန်အတွက် ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှလည်းကောင်း၊ ပင်လယ်ရေကြောင်းမှလည်းကောင်း ဘိလပ်မြေများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးအပတ်မှစတင်၍လည်း တင်သွင်းခွင့်ပြုထားကြောင်း ဇန်နဝါရီ ၂၉ ရက်က သတင်းထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ်မှစတင်ကာ နိုင်ငံခြားငွေလိုအပ်ချက်ကြောင့် ပြည်ပမှတင်သွင်းရ သည့် သွင်းကုန်များကို တင်သွင်းခွင့် ကန့်သတ်ထားရာတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများလည်းပါဝင်ကြောင်း သိရသည်။

ထို့ကြောင့် ဆောက်လုပ်ရေးနှင့်သက်ဆိုင်သည့်ပစ္စည်းများ တင်သွင်းခွင့်မရရှိခြင်းကြောင့် ၈၀ ရာခိုင်နှုန်းနီးပါး လုပ်ငန်းများရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

#centralnewsnaypyitaw

image