တရုတ်နိုင်ငံမှာ ထိမ်းမြားလက်ထပ်မှုနှုန်း ငါးပုံတပုံကျဆင်းနေ
ပေကျင်း၊ ဖေဖော်ဝါရီ ၁၀
တရုတ်နိုင်ငံမှ ကျဆင်းနေတဲ့ လူဦးရေကို မြှင့်တင်ဖို့အတွက် လူငယ်တွေ လက်ထပ်ထိမ်းမြားကြဖို့နဲ့ သားသမီးရယူဖို့ အာဏာပိုင်တွေက ကြိုးပမ်းမှုတွေရှိနေပေမယ့်လည်း စုံတွဲတွေရဲ့ လက်ထပ်မှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်မှာ ငါးပုံတစ်ပုံ ကျဆင်းသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ်တွင်းမှာ လက်ထပ်ထိမ်းမြားတဲ့ စုံတွဲပေါင်း ၇ ဒဿမ ၆၈ သန်းရှိနေရာမှ ပြီးခဲ့တဲ့ နှစ်မှာတော့ ၆ ဒဿမ ၁ သန်းကျော်သာရှိခဲ့တယ်လို့ ပြည်သူ့ရေးရာဝန်ကြီးဌာနရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
အိမ်ထောင်ပြုဖို့နဲ့ သားသမီးယူဖို့အပေါ် စိတ်ဝင်စားမှုနည်းပါးလာခြင်းဟာ တရုတ်နိုင်ငံမှာ ကလေးတွေကို ပြုစုပျိုးထောင်စရိတ်နဲ့ပညာရေးစရိတ်တို့ ကြီးမြင့်တာကြောင့်လို့ ကာလရှည်ကြာ ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်တွင်း စီးပွားရေးကျဆင်းမှုတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုတွေကလည်း တစိတ်တပိုင်း ပါဝင်နေပါတယ်။ ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ်အတွင်း ကွာရှင်းပြတ်စဲခဲ့တဲ့ စုံတွဲပေါင်း ၂ ဒသမ ၆ သန်းကျော်ရှိပြီး ၂၀၂၃ ခုနှစ်ကထက် ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်နေပါတယ်။
ဒါအပြင် ကမ္ဘာပေါ်မှာ ဒုတိယလူဦးရေးအများဆုံးအဖြစ် ၁ ဒဿမ ၄ ဘီလီယံရှိတဲ့ တရုတ်နိုင်ငံမှာ သက်ကြီးရွယ်အိုနှုန်းလည်း တိုးပွားနေပါတယ်။ လာမယ့် ၁၀ နှစ်အတွင်းအတွင်း တရုတ်နို်ငငံသား သန်း ၃၀၀ ဟာ အငြိမ်းစားယူရဖို့ရှိနေပြီး ဒါဟာ အမေရိကန်လူဦးရေနဲ့လည်း ညီမျှနေပါတယ်။
၁၉၈၀-၂၀၁၅ ခုနှစ်ထိ တအိမ်ထောင် ကလေးတယောက်မူဝါဒကြောင့် ကလေးမွေးဖွားမှုနှုန်းဟာ ဆယ်စုနှစ်များစွာ ကျဆင်းနေခဲ့ပါတယ်။ ယမန်နှစ်က ကလေးမွေးဖွားမှုနှုန်း မြင့်တက်လာပေမယ့်လည်း နိုင်ငံလူဦးရေဟာ သုံးနှစ်ဆက်တိုက် ကျဆင်းနေဆဲဖြစ်ပါတယ်။
Ref:Reuters
Photo:Reuters
#သတင်းဟင်းလေးအိုးကြီး
