*စာနယ်ဇင်းသမားနှင့် တာဝန်သိမှု

တစ်ပါးသောသူတို့တာဝန်ယူမှု ရှိ မရှိကို စောင့်ကြည့်မည့် စာနယ်ဇင်းသမား ကိုယ်တိုင်သည်လည်း မိမိအလုပ်ကို မိမိ တာဝန်ယူမှုရှိစွာ လုပ်ကိုင်ဖို့ လိုသည်။
သည်အတွက် ဒီမိုကရေစီနိုင်ငံများတွင် လွတ်လပ်သော စာနယ်ဇင်း တို့သည် သတင်းစာဆရာအသင်း၊ သတင်းသမဂ္ဂစသည့် အသင်းအဖွဲ့များ၊ လွတ်လပ်သော စာနယ်ဇင်းကောင်စီများ၊ မိမိတို့စာနယ်ဇင်းနှင့် စပ်လျဉ်းသည့် အများပြည်သူ့ တိုင်တန်းမှုများကို လက်ခံကြားနာ၍ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးမည့် တိုက်တွင်း ခုံသမာဓိလူကြီး သို့မဟုတ် စာနယ်ဇင်း ကျင့်ဝတ် စည်းကမ်း ထိန်းသိမ်းရေးသမား (ombudsman) များ စသည်တို့အားဖြင့် မိမိတို့ ရေးသားချက်များ လွန်ကျွံမှု မရှိအောင်နှင့်၊ ရေးသားချက်အပေါ် တာဝန်ယူမှုရှိအောင် ထိန်းကျောင်းမှု ပြုလေ့ရှိကြသည်။
ထို့ပြင်၊ အများပြည်သူတို့၏ သိရှိပိုင်ခွင့်ကို ဖြည့်ဆည်းပေးသည် ဆိုသော စာနယ်ဇင်းတို့အနေနှင့် မိမိပေးသော သတင်း အချက်အလက်များ ခိုင်မာရေးကို အလေးထားဖို့လို၏။
သတင်းများသည် ယုံကြည် စိတ်ချလောက်သော သတင်းရင်းမြစ် (ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်း)များမှ ရသော သတင်းမျိုးဖြစ်ပြီး၊ ၎င်းတို့ကို တိကျမှန်ကန်စွာ ဖော်ပြဖို့လို၏။ “တိကျမှန်ကန်စွာ” ဟူရာ၌ အရေးအသား ချွတ်ယွင်းခြင်းကြောင့်သော်လည်းကောင်း၊ မိမိတို့ သဘောဆန္ဒများကြောင့် လည်းကောင်း၊ အစိုးရ သို့မဟုတ် အခြားသော အဖွဲ့အစည်းတို့၏ ဩဇာ သက်ရောက်မှုကြောင့် လည်းကောင်း၊ လူအများကြား လွှမ်းမိုး နေသော အမြင်တို့၏ ဖိအားကြောင့်လည်းကောင်း တိမ်းစောင်းခြင်း မရှိစေဖို့ကို ဆိုလိုသည်။
သို့မှသာ သမာသမတ်ကျ၍ အားကိုး ယုံကြည်လောက်သော စာနယ်ဇင်း များ ဖြစ်ပေမည်။
သို့သော်၊ သမာသမတ်ကျရေး၊ တိကျမှန်ကန်ရေးအတွက်သက်ဆိုင်သော အချက်အလက်တို့ကို မထိမ်မချန် ဖော်ပြသည့် စာနယ်ဇင်းတို့သည် ၎င်းတို့ရေးသားချက်ကြောင့် မိမိမှာ ထိခိုက်သည်ဟု ယူဆသည့် အစိုးရများ အဖွဲ့အစည်းများ၊ အင်အားစုများ၊ လုပ်ငန်းများနှင့် တစ်ဦးချင်း ပုဂ္ဂိုလ်များ၏ ငြိုငြင်မှု၊ တိုက်ခိုက် နှိပ်ကွပ်ရန် အားထုတ်မှုများနှင့် ရင်ဆိုင်ရလေ့ ရှိသည်။
သည်အတွက် ဒီမိုကရေစီနိုင်ငံများတွင် စာနယ်ဇင်းတို့၏ လွတ်လပ်စွာ ရေးသားခွင့်ကို ကာကွယ်သည့် ဥပဒေများ ပြဋ္ဌာန်းပေးထားလေ့ ရှိသည်။