Part-9
*မောင်သာနိုး(သို့မဟုတ်) ကျောက်ဆောက်က ကျောက်ဆောင်
ပုံမှန်မပျက်ကတော့ ဆရာဂျမ်း၊ ဆရာနိုး၊ ဆရာစွမ်းတို့အပြင် မြန်မာစာ ကထိက ဦးဟုန်ဝမ်၊ သင်္ချာဦးလှဆောင်၊ သမိုင်းက ဦးအောင်မြင့်၊ ဓာတုက ဦးသိန်းထိုက်၊ ဘိုင်အိုမင်းသစ်တို့ပါတယ်။ ဆရာဂျမ်းတပည့် ဝိုင်းကျူရှင်ဆရာ၊ တချို့ဆရာတွေကတော့ ရံဖန်ရံခါပါပဲ။ အဲဒီတုန်းက ရန်ကုန်စက်မှုတက္ကသိုလ် ပါမောက္ခချုပ် (ဒေါက်တာဦးသာလှိုင်ထင်တယ်)ကလည်း စကားစပ်မိတော့ ‘အလွန် ကောင်းတဲ့ ဒါနပွဲကြီးပဲ၊ တပည့်တော်က ကိုယ်တိုင်မလိုက်နိုင်ဘူး၊ အင်္ဂလန်၊ ဂျီစီအီးအိုလယ်ဘယ်မှာသုံးတဲ့ ရူပဗေဒနဲ့ သင်္ချာစာအုပ်တွေ တပည့်တော်တို့ တက္ကသိုလ်အတွက် မိတ္တူကူးထားတာရှိတယ်၊ အဲဒီစာအုပ်တွေ လှူမယ်ဆိုပြီးလှူပါတယ်။ ဂုဏ်ထူးဦးသိန်းနိုင်ကလည်း ဆရာဂျမ်းပြောပြလို့ သူ့စာအုပ်တွေ ကျောင်းသားရှိသလောက် (၃၀-ကျော်)အတွက် လှူပါတယ်။
မနက်လေးနာရီ မော်လမြိုင်ရထားက မွန်းတည့်လောက် မော်လမြိုင်ရောက်၊ ညနေ လေးနာရီ ရန်ကုန်ပြန်ထွက်ဆိုတော့ မှောင်ခိုပစ္စည်းသယ်သူတွေအတွက် နေ့ချင်းပြန်နိုင်လို့ အတော်ကိုကျပ်ပါတယ်။ ရန်ကုန်ဘူတာကြီးမှာ လက်မှတ်ကိစ္စ ကြီးကြပ်တဲ့ ‘ဒုရုံပိုင်ချုပ်”နဲ့ ဝင်တွေ့ပြီး အကျိုးအကြောင်းရှင်းပြ အကူအညီတောင်းလို့ သူကလည်း တတ်နိုင်သမျှ ကူပါတယ်။ ‘ဗွီအိုင်ပီ’ခုံ ကျန်သမျှကို အပြင်မရောင်းဘဲ အကုန်ပေးလို့ အထက်တန်းကတော့ သုံးလေးခုံပဲရတယ်၊ ရိုးရိုးတန်းခုံရအောင် စီစဉ်ပေးပါတယ်။ ရန်ကုန်က မနက် (၄)နာရီထွက်၊ တောင်စွန်း (၉)နာရီဝန်းကျင် ရောက်ပြီး ကျောင်းရောက်တာနဲ့ စာစသင်ကြတာပါပဲ။ မနက်အရုဏ်စာလည်း ကြုံသလိုပါပဲ၊ ကျောင်းရောက်တဲ့အခါ သင်သူကသင်၊ အားသူက အဆာပြေစားနဲ့ ပျော်ပျော်ပါးပါးပဲ။
ပထမဆုံးရောက်တဲ့နေ့မှာ ပထမဆုံးသင်တာက မြန်မာစာဆရာ ဦးဟုန်ဝမ်ပါ။ ဦးဟုန်ဝမ်က မိတ်ဆက်နိဒါန်းအဖြစ်ပြောတဲ့အခါ “အခုသင်ကြမှာ အခမဲ့ပညာဒါန ဆိုပေမဲ့ ပေါ့သေးသေးမထင်မှတ်သင့်ကြောင်း၊ ရန်ကုန်မှာဆိုရင် ‘ဆရာဦးတင်မိုး၊ ဆရာမောင်စွမ်းရည်တို့ဆီမှာ မြန်မာစာသင်ရတယ်ဆိုတာ တကယ်ဂုဏ်ယူစရာ တစ်ခုလို့ကို မှတ်ယူကြကြောင်း၊ ကျောင်းသုံးပြဌာန်းစာမှာပါတဲ့ စာရေးဆရာတွေ ကိုယ်တိုင်သင်တဲ့အခွင့်အရေးရဖို့ မလွယ်ကြောင်း၊ ဆရာဦးသာနိုးဆီ အင်္ဂလိပ်စာ သင်ခွင့်ရဖို့ဆိုတာကလည်း ရန်ကုန်မှာ ပိုက်ဆံပေးနိုင်ရင်တောင် နေရာမရလို့ တက်ချင်ပေမဲ့ တက်ခွင့်မရကြကြောင်း”အစချီပြီး ဆရာတွေတစ်ဦးချင်းရဲ့ ဂုဏ်တွေ ပြောပြပြီး မိတ်ဆက်ပေးပါတယ်။ ကျောင်းသားတွေကရော မိဘတွေကရော “မအောင်ရင်တောင် ဒီဆရာတွေနဲ့သင်ရတာ တကယ့်အခွင့်ထူးကြီး”ဆိုပြီး အားတက် သရော၊ လေးလေးစားစား သင်ယူကြလို့ ဆရာတိုင်းက အားရကျေနပ်ကြပါတယ်။
#ဆက်ရန်ရှိ