လျှပ်စစ်မီး၊ စက်သုံးဆီနှင့် အင်တာနက်ဖြတ်တောက်ခံရသော မြဝတီဒေသခံများ ယနေ့ ဆန္ဒပြ၊ ထိုင်းမြန်မာချစ်ကြည်ရေးတံတားနှစ်စင်းနှင့် ထိုင်းသွင်းကုန်များ ပိတ်ပစ်ရန်ပါ တောင်းဆို
ဖေဖော်ဝါရီ ၈
မြဝတီ၊ တာချီလိတ်နှင့် ဘုရားသုံးဆူတို့တွင် လျှပ်စစ်ဓာတ်အား၊ လောင်စာဆီနှင့် အင်တာနက် ပြတ်တောက်မှုဒဏ်ခံနေရသော မြန်မာနိုင်ငံသားများသည် မြန်မာဘက်ခြမ်းရှိ အမှတ် (၁) နှင့် အမှတ် (၂) ချစ်ကြည်ရေးတံတားများတွင် ယနေ့ နံနက် ၈ နာရီခွဲတွင် ဆန္ဒထုတ်ဖော်ခဲ့သည်။
အဆိုပါ ချီတက်ပွဲသည် ပန်းခြံတစ်ခုမှ စတင်ကာ တံတားများဆီသို့ ဦးတည်သွားမည်ဖြစ်ပြီး အရပ်သားများအပေါ် လျှပ်စစ်နှင့် စက်သုံးဆီကဲ့သို့ စွမ်းအင်ရင်းမြစ်များ ဖြတ်တောက်မှု၏ သက်ရောက်မှုကို ဖြေရှင်းပေးရန် မြန်မာနှင့် ထိုင်းအာဏာပိုင်များကို တိုက်တွန်းခဲ့သည်။
လျှပ်စစ်မီးဖြတ်တောက်ခြင်းနှင့် အင်တာနက်တာဝါတိုင်များ ဖျက်သိမ်းခြင်းများအပြင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် လောင်စာဆီတင်ယာဉ်များကို ထိုင်းရဲနှင့် စစ်တပ်က တိုးမြှင့်ထိန်းချုပ်ထားကြောင်း သတင်းများက ဖော်ပြသည်။ ယင်းကြောင့် မြဝတီတွင် စက်သုံးဆီပြတ်လပ်မှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့ပြီး မော်တော်ဆိုင်ကယ် အသုံးပြုသူများ ထိခိုက်မှု အများဆုံးဖြစ်ခဲ့သည်။ ယခုအခါတွင် ၎င်းတို့သည် လောင်စာဆီဖြည့်ရန် မဲဆောက်သို့ မကူးနိုင်တော့ဘဲ ထိုင်းဆီဆိုင်များတွင် ကားများ ဆီဖြည့်နေရသည်။
မြဝတီတွင် စက်သုံးဆီဆိုင်ကြီးများ ဖွင့်လှစ်ထားသော်လည်း လောင်စာဆီ ဖြည့်တင်းမှု ကန့်သတ်ထားသလို စက်သုံးဆီဆိုင်ငယ်များပိတ်ထားပြီး စက်သုံးဆီဈေးများလည်း မြင့်တက်လာသည်။
မြဝတီတွင် အစိုးရရုံးများ၊ ဈေးများနှင့် ဆေးရုံများသည် လျှပ်စစ်မီးအတွက် မီးစက်များကို အသုံးပြုနေကြပြီး အချို့အိမ်များမှာ ဆိုလာစွမ်းအင်ကို အားကိုးကြရသည်။ သာမန်ပြည်သူလူထုက ဆီမီးခွက်ကို သုံးနေရသော်လည်း ကျားဖြန့်နာမည်ပျက် ရွှေကုက္ကိုလ်တွင် လျှပ်စစ်မီးကို အဓိကအားဖြင့် မီးစက်များမှ ရရှိပြီး သုံးစွဲမှု ၅၀ ရာခိုင်နှုန်း လျှော့ချခဲ့သလို KK Park တွင် ဓာတ်အားအသုံးပြုမှု ၄၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ယနေ့နံနက်တွင် ဆန္ဒပြသူများက လျှပ်စစ်မီး၊ စက်သုံးဆီနှင့် အင်တာနက်ဖြတ်တောက်ခံရမှုအတွက် ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတားနှစ်ခုကို ပိတ်ပစ်ရန်နှင့် ထိုင်းကုန်စည်များဝင်ရောက်ခွင့်မပြုရန် တောင်းဆိုခဲ့သလို အဆိုပါတောင်းဆိုချက်များကို မြန်မာအစိုးရနှင့် နယ်ခြားစောင့်တပ်များထံ တင်ပြရန် စီစဉ်ထားသည်။ အဆိုပါ ဆန္ဒပြမှုကို နယ်စပ်တစ်လျှောက်လုံခြုံရေးရယူထားသည့် ထိုင်းအာဏာပိုင်များက ငြိမ်းချမ်းစွာ စောင့်ကြည့်ခဲ့သည်။
ထိုင်းနိုင်ငံမှ ပြည်နယ်လျှပ်စစ်အာဏာပိုင်အဖွဲ့ (PEA) သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က ထောက်ခံချက် ရရှိထားသည့် ကုမ္ပဏီငါးခုမှတစ်ဆင့် မြန်မာနိုင်ငံသို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိပြီး အဆိုပါကုမ္ပဏီများမှာ မြပန်းရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ မွန်ပြည်နယ် ဘုရားသုံးဆူ၊ Allure Group (P&E) မှ မိုင်းတုံ-တာချီလိတ်မြို့နယ်နှင့် ထိုင်း-မြန်မာချစ်ကြည်ရေးတံတား( တာချီလိတ်)၊ Nyi Naung Oo Co., Ltd. & Enova Grid Enterprise (Myanmar) Co., Ltd မှ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် ၂ (မြဝတီ)နှင့် ရွှေမြစ်သောင်ရင်း စက်မှုကုန်ထုတ်လုပ်ငန်း ကုမ္ပဏီလီမိတက်မှ ကရင်ပြည်နယ် မြဝတီဒေသတို့ကို လျှပ်စစ်မီးပေးနေခြင်းဖြစ်ပြီး အဆိုပါ မီးပေးမှုများမှာ မြဝတီဒေသမှ ကျားဖြန့်ဂိုဏ်းများအသုံးပြုနေသည်ဟုဆိုကာ ဖေဖော်ဝါရီ ၅ ရက် နံနက် ၉ နာရီမှ စတင်ကာ လျှပ်စစ်မီးဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။
Ref, Thai Enquirer / Photo – CJ
Credit - MT News Agency
#centralnewsnaypyitaw


