ဆိုလာစီမံကိန်းများကို ချေးငွေထုတ်ပေးမည်ဟု နစကဝန်ကြီးပြော
ရန်ကုန်၊ ဖေဖော်ဝါရီ ၆
နေရောင်ခြည်ကောင်းစွာရတဲ့ တိုင်းဒေသကြီးတွေမှာ ဆိုလာစီမံကိန်းတွေ ဆောင်ရွက်ဖို့ ချေးငွေထုတ်ပေးသွားမယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ပြောကြားလိုက်ပါတယ်။
အဆိုပါ ချေးငွေအစီအစဉ်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကနေ ပံ့ပိုးကူညီသွားဖို့ရှိကြောင်း ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေးမှာ အသိပေးခဲ့ပါတယ်။
လက်ရှိမှာ တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းတွေအနေနဲ့ နေပြည်တော်မှာ ၄ ခု၊ မန္တလေးတိုင်းမှာ ၃ ခု၊ ပဲခူတိုင်းနဲ့ ရှမ်းပြည်နယ်မှာ ၁ ခုစီရှိပြီး စုစုပေါင်း စက်တပ်ဆင်အင်အား ၅၃၀ မဂ္ဂါဝပ်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကနေ သိရပါတယ်။
တဖက်မှာလည်း တစ်ပိုင်တစ်နိုင် မိမိလုပ်ငန်းအတွက် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲလို့ရတဲ့အပြင် ပိုလျှံမှုအပေါ် နိုင်ငံအဆင့် မဟာဓာတ်အားလိုင်းထံ ရောင်းချလို့ရကြောင်း နစကဒုခေါင်းဆောင်က ပြောထားပါတယ်။
လက်ရှိ နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းမှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၈ ရုံ၊ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ၂၇ ရုံ၊ ဆိုလာစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ၈ ရုံကနေ တပ်ဆင်အင်အား ၆၃၇၁ မဂ္ဂါဝပ် ရှိပါတယ်။
အဲဒီအထဲက ဓာတ်အားပေးစက်ရုံ ၁၂ ရုံဟာ ဓာတ်အားလိုင်းတွေ ဖျက်စီးခံရခြင်းနဲ့ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခြင်း စတာတွေကြောင့် လက်ရှိမှာ ဓာတ်အားထုတ်လုပ်မှု ကျဆင်းလျက်ပါတယ်။
ဒါ့ကြောင့် လက်ရှိအချိန်မှာ နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏဟာ ပိုမိုမြင့်မားလျက်ရှိနေတယ်လို့ သိရပါတယ်။
