မဂ္ဂါဝပ် ၁,၀၀၀ ကျော် ထုတ်လုပ်နိုင်မည့် သဘာဝဓာတ်ငွေ့၊ ဆိုလာလျှပ်စစ်အင်ဂျင်ပေါင်းစပ်သည့် Hybrid လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများ ဆောင်ရွက်နေကြောင်း နစကဒုဥက္ကဋ္ဌ ပြောကြား

ဖေဖော်ဝါရီ ၆

နိုင်ငံတော်အနေဖြင့် မဂ္ဂါဝပ် ၁,၀၀၀ ကျော် ထုတ်လုပ်နိုင်မည့် သဘာဝဓာတ်ငွေ့၊ ဆိုလာလျှပ်စစ်အင်ဂျင် ပေါင်းစပ်သည့် Hybrid လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများ ဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးအနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ မဂ္ဂါဝပ် ၆,၃၀၀ ကျော်ရှိကြောင်း၊ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေမှုများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ထုတ်လုပ်နိုင်မှု ရပ်ဆိုင်းနေသည့် စက်ရုံများလည်းရှိကြောင်း၊ လျှပ်စစ်ဝန်ကြီးဌာနမှ ထုတ်လုပ်နိုင်သည့် ပမာဏပေါ်မူတည်၍ အလှည့်ကျရရှိရေးအတွက် အတတ်နိုင်ဆုံး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း နစက ဒုဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါ လျှပ်စစ်ဓာတ်အားရရှိရေး ကျော်လွှားနိုင်မည့် မိမိတို့စက်ရုံ၊ အလုပ်ရုံများကို အသိပညာပေးလိုသည်မှာ လက်ရှိ သီလဝါစက်မှုဇုန်၌ ကုမ္ပဏီ ၆ ခုမှ ဆိုလာစနစ်ဖြင့် ဓာတ်အားထုတ်လုပ်မှု ၄ ဒသမ ၉ မဂ္ဂါဝပ်ကျော် ထုတ်လုပ်သုံးစွဲလျက်ရှိကြောင်း၊ ထိုသို့ ထုတ်လုပ်နိုင်မှုကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုတွင်ကျယ်လာကြောင်း၊ အဆိုပါဆောင်ရွက်မှုကို နမူနာယူပြီး အခြားကုမ္ပဏီများမှ လျှပ်စစ်ဓာတ်အား ၈ မဂ္ဂါဝပ်ကျော် ထုတ်လုပ်သုံးစွဲနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

သို့ဖြစ်ပါ၍ MSME လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စက်မှုဇုန်များ၏ မြေလွတ်နေရာများနှင့် အခြားမြေလွတ်မြေရိုင်း နေရာများတွင် ဆိုလာစနစ်ဖြင့် တစ်ပိုင်တစ်နိုင် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဆောင်ရွက်စေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် စက်မှုဇုန်များ၌ လျှပ်စစ်မီး မလုံလောက်သည့် စိန်ခေါ်မှုကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း နစက ဒုဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်အနေဖြင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း သဘာဝဓာတ်ငွေ့၊ ဆိုလာလျှပ်စစ်အင်ဂျင်ပေါင်းစပ်သည့် Hybrid ဓာတ်အား မဂ္ဂါဝပ်ပေါင်း ၁,၀၀၀ ကျော် ထုတ်လုပ်နိုင်ရေးအတွက် စီမံကိန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ရရှိသည့် လျှပ်စစ်ဓာတ်အားများကို တစ်နိုင်ငံလုံး ဖြန့်ဝေခြင်းဖြစ်သည့်အတွက် အချိုးအစားအလိုက် ဓာတ်အားရရှိမည်ဖြစ်ပြီး လုပ်ငန်းရပ်များအလိုက် ကိုယ်ပိုင်ဆိုလာစနစ်ဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက လုပ်ငန်းများ ပိုမိုအဆင်ပြေမည်ဖြစ်၍ ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း နစကဒုဥက္ကဋ္ဌက ပြောကြားသည်။

#centralnewsnaypyitaw

image
image
image