SEA Games နှင့် နိုင်ငံတကာ ပြိုင်ပွဲများ ပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသား U-22 နှင့် U-19 အသင်းတို့အတွက် နည်းပြသစ်များ ခန့်အပ်
ဖေဖော်ဝါရီ ၅
ထိုင်းနိုင်ငံတွင် ကျင်းပမည့် SEA Games နှင့် နိုင်ငံတကာ ပြိုင်ပွဲများ ပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသား U-22 နှင့် U-19 အသင်းတို့အတွက် နည်းပြသစ်များ ပြောင်းလဲခန့်အပ်လာခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)က ထုတ်ပြန်ထားသည်။ မြန်မာ့လက်ရွေးစင် အမျိုးသား U-22 အသင်း၊ အမျိုးသား U-19 အသင်းများအတွက် နည်းပြသစ်များကို ယမန်နေ့(ဖေဖော်ဝါရီလ ၄ရက်)က တရားဝင်ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့ လက်ရွေးစင်အမျိုးသား U-22 ဘောလုံးအသင်း၏ နည်းပြချုပ်အဖြစ် အသက် (၅၆) နှစ်အရွယ် ဂျပန်လူမျိုး မစ္စတာ Hisashi kurosaki အား (၁)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ကြောင်း သိရသည်။ Hisashi kurosaki သည် ဂျပန်လက်ရွေးစင် ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး UEFA Pro လိုင်စင်နှင့် JFA Coach (Level S) လိုင်စင်ရ နည်းပြတစ်ဦးဖြစ်ပြီး ဂျေလိဂ်ကလပ် Albirex Niigata အသင်း၊ တရုတ်စူပါလိဂ်ကလပ် Qingdao West Coast စသည့် အသင်းများ အပြင် ဂျပန်ကလပ် ကာရှီးမားအန်းတလားစ်အသင်းတွင်လည်း အကယ်ဒမီ၊ လူငယ်အသင်းများ၊ စီနီယာ အသင်းများကို နည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။
Hisashi kurosaki အနေဖြင့် ၂၀၂၅ SEA Games နှင့် အာဆီယံ U-22 ချန်ပီယံရှစ်၊ AFC U23 ခြေစစ်ပွဲများတွင် အောင်မြင်မှုရရှိရန် တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း (MFF)၏ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် မြန်မာ့လက်ရွေးစင် အမျိုးသား U-19 အသင်း နည်းပြချုပ်အဖြစ် အသက် (၄၆)နှစ်အရွယ် မစ္စတာ Ryuji sueoka အား(၂)နှစ် စာချုပ်ဖြင့် ခန့်အပ်ခြင်းဖြစ်ကြောင်း သိရသည်။Ryuji sueoka သည် ကစားသမားဘဝတွင် စင်ကာပူ၊ ထိုင်းစသည့် အရှေ့တောင်အာရှကလပ်များနှင့် အိန္ဒိယ ကလပ်အသင်းများတွင် ကွင်းလယ်နှင့် တိုက်စစ်မှူးအဖြစ် ကစားခဲ့သူဖြစ်ပြီး UEFA Pro လိုင်စင်ရ နည်းပြတစ်ဦးဖြစ်ကြောင်း သိရသည်။
Ryuji sueoka သည် မြန်မာ U-19 အသင်းအား အာရှ U-20၊ အာဆီယံ U-19 ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရန် နည်းပြချုပ်အဖြစ် ဦးဆောင်ရမည်ဖြစ်ကာ SEA Games ပြိုင်ပွဲဝင် မြန်မာU-22 အသင်းကိုလည်း Hisashi kurosaki ၏ လက်ထောက်နည်းပြအဖြစ် တာဝန်ယူဆောင် ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ယင်းနေ့တွင်ပင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း နည်းပြချုပ်အဖြစ် ထိုင်းနည်းပြ Pattaya Piemkum ကို ခန့်အပ်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) က ထုတ်ပြန်ထားသည်။
#သတင်းဟင်းလေးအိုးကြီး
