Part-7
*မောင်သာနိုး(သို့မဟုတ်) ကျောက်ဆောက်က ကျောက်ဆောင်
“တပည့်တော်တို့ဆီမှာ သီတင်းကျွတ်မီးထွန်းပွဲဆို သူ ့အရပ်ကိုယ့်အရပ် ပြဇာတ်ကလေးတွေ က,လေ့ရှိတယ်။ ရွာတစ်ရွာကတော့ ဘုန်းကြီးလူထွက် စာတတ် ပေတတ်တွေပေါတော့ “တို ့အရပ်က သူများနဲ့မတူအောင်. ရာဇဝင်ဇာတ်ထုပ် ကကြမယ်”ဆိုပြီး ဘုန်းကြီးလူထွက်တွေနဲ့ ဇာတ်စာတွေကျက်ခိုင်းပြီး ဇာတ်တိုက် ကြတာ၊ တယ်မကြာဘူး ပြောစရာဆိုစရာတွေ မထစ်မငေါ့ အလွတ်ကြတယ်။ ဒီသတင်းကြားတော့ တခြားရွာတွေကလည်း စိတ်ဝင်စားပြီး ပွဲကြီးနေ့မှာ လာကြည့် ကြတာပေါ့။ တကယ်ဇာတ်ကတဲ့နေ ့ကျတော့ ဇာတ်အဖွင့်မှာပဲ ပလ္လင်ပေါ်က ရှင်ဘုရင် လုပ်သူက “မင်းကြီးများ..."လို ့ ခေါ်လိုက်တဲ့အခါ အောက်ကဝန်ကြီးများက “ဘုရား.........”လို့ မထူးသေးဘဲ “ဟေ့ကောင် နေဦး၊ မင်းက ခုနစ်ဝါနဲ့ထွက်လာတာ မလား၊ ငါက ဆယ်ဝါရပြီးမှထွက်တာလေ၊ ဘုရားမထူးနိုင်ဘူး”ဆိုပြီး ငြင်းကြတာ ဇာတ်ကို ကမရတော့ဘူး၊ ပျက်ကရော။ ခုလည်း ဒီအဖွဲ ့က အားလုံး ပညာတတ် တွေ၊ ဘုရားထူးမယ့်လူကိုမရှိဘူး။ အရှင်ဘုရားလာမှပဲ ပြီးတော့တယ်”ဆိုတော့ အားလုံးက ရယ်ကြတယ်။
ဆရာနိုးကတော့ ထုံးစံအတိုင်း မေးတစ်ချက်ပဲဆတ်လိုက်ပြီး ကျောက်ဆောင် ကြီးလို ခပ်တည်တည်ပါပဲ။ နောက်သောကြာတွေမှာ မိမိမရောက်ခင် တစ်ခုခု အချေအတင်ပြောနေကြပြီဆိုရင် “နေကြဦး ဘုန်းကြီးလူထွက်ဇာတ်အုပ်မလာသေး ဘူး”လို့ ပြောစမှတ်တွင်သွားသတဲ့။
#ဆက်ရန်ရှိ