*အရေးကြီးသော အချိန်အဆ
မည်သည့်တိုင်းပြည်၌မဆို လုံခြုံရေးသည် အရေးကြီး၏။ ရပ်ရွာ အေးချမ်း သာယာရေးသည်လည်း အရေးကြီး၏။ ထို့ကြောင့် သည်အတွက် ကာကွယ် စောင့်ရှောက်မှုတို့ကို မပေါ့မလျော့ လုပ်ဆောင်ကြ ရမည်သာဖြစ်၏။
သို့သော်၊ လုံခြုံရေး အေးချမ်းသာယာရေးတို့၏ မူလရည်ရွယ်ချက်ကို မမေ့မလျော့ဖို့ လိုသည်။
ယင်းကား နိုင်ငံသားတို့ ကာယ သုခ စိတ္တသုခပြည့်ဝဖို့ ဖြစ်၏။ လုံခြုံအေးချမ်းမှု မရှိသော် ကိုယ်စိတ်ဒုက္ခများ ကြုံတွေ့ကြရလိမ့်မည်။
သို့သော် နောက်ထပ် မမေ့လျော့ဖို့ လိုသည်က လွတ်လပ်ခွင့်များ ကင်းမဲ့မည်၊ အချုပ်အနှောင် အကန့်အသတ် များပြားမည် ဆိုလျှင်လည်း အများပြည်သူတို့ ကာယသုခ စိတ္တသုခ ရရှိနိုင်မည် မဟုတ်ဟူသော အချက် ဖြစ်သည်။
ထို့ကြောင့်၊ လုံခြုံအေးချမ်းမှုကို ကာကွယ်သော ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများကြောင့် ပြည်သူ့လွတ်လပ်ခွင့် နယ်နိမိတ် သေးကွေးကြုံလှီခြင်း မရှိရအောင် သတိပြုဖို့ လိုသည်။
ဤတွင်
လွတ်လပ်မှုနှင့် လုံခြုံမှုတို့၏ နယ်နိမိတ်စည်းကို မူသေ ချမှတ်၍ ရမည် မဟုတ်။
စစ်မက်ဖြစ်ပွားချိန်၌ လုံခြုံမှု အရေးကြီးကာ လွတ်လပ်မှုတို့ ကျဉ်းကျုံ့ လိမ့်မည်။ သို့သော် တည်ငြိမ်သော ကာလ၌ကား လွတ်လပ်မှု၏ နယ်ပယ်သည် လွတ်လပ်စွာပင် ကျယ်ဝန်းနေဖို့ လိုသည်။
ထို့ကြောင့်
တစ်စုံတစ်ယောက်သော သူ၏ လွတ်လပ်စွာ ပြောဆိုမှုသည် လုံခြုံမှု အေးချမ်းမှုကိုထိခိုက်ခြင်း ရှိမရှိဟူသော ကိစ္စမျိုးတွင် ကျိုးကြောင်းဆီလျော်စွာ စဉ်းစား၍၊ သင့်တော် မှန်ကန်စွာ ဆုံးဖြတ်နိုင်ဖို့ အထူးအရေးကြီးသည်။
ဒီမိုကရေစီနိုင်ငံတို့ မည်သည် တိုင်းပြည် လုံခြုံမှု အေးချမ်းသာယာမှုကို စောင့်ရှောက်ကာကွယ်ရင်း၊ တစ်ဖက်ကလည်း နိုင်ငံသားတို့၏ မူလ အခွင့်အရေးများ ဖြစ်သည့်ငြိမ်းချမ်းစွာ စုဝေးခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်တို့ မလျော့ပါးအောင် ထိန်းသိမ်းသော အလုပ်ကို သမမျှတစွာ ချိန်ဆ လုပ်ကိုင် နိုင်စွမ်း ရှိရပေသည်။