13 w - Translate

လူသိနည်းတဲ့ လူသားတွေရဲ့ကျေးဇူးရှင်
သူ့ကို သိလားလို့မေးရင် တော်တော်များများက မသိဘူးလို့ ဖြေပါလိမ့်မယ်။
သူ့ကို လူတိုင်းမသိကြပေမယ့် ကမ္ဘာပေါ်က လူသန်းပေါင်းများစွာဟာ သူတီထွင်ခဲ့တဲ့ ဆေးကြောင့် တဘဝလုံးထိခိုက်စေနိုင်မယ့် ရောဂါဆိုးကြီးကို ကာကွယ်နိုင်ခဲ့ပါတယ်။
သူကတော့ ဒေါက်တာ Jonas Salk ဖြစ်ပါတယ်။
သူ့ကို သူက ၁၉၁၄ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့မှာ နယူးယောက်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဂျူးလူမျိုး ရွှေ့ပြောင်းအခြေချသူ မိဘတွေက မွေးဖွားခဲ့တာဖြစ်ပါတယ်။
ငယ်ငယ်ကတည်းက သိပ္ပံနဲ့ ဆေးပညာကို စိတ်ဝင်စားပြီး ၁၉၃၉ မှာ နယူးယောက်တက္ကသိုလ်ကနေ ဆေးပညာဘွဲ့ ရခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ တုပ်ကွေးကာကွယ်ဆေးတွေ ထုတ်လုပ်ဖို့ လုပ်ဆောင်ခဲ့ပြီး ၁၉၄၀ ဝန်းကျင်မှာတော့ ပိုလီယိုအပေါ် သုတေသနတွေ စလုပ်ခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ပိုလီယိုဟာ ကလေးငယ်တွေကို ခြေလက်တွေ တဘဝလုံး မလှုပ်ရှားနိုင်တော့တဲ့အထိ ဖြစ်စေနိုင်တဲ့အတွက် လူတိုင်းက ဒီရောဂါဆိုကြီးကို ကြောက်လန့်ခဲ့ကြရပါတယ်။
၁၉၅၅ ခုနှစ်မှာတော့ သူ့ရဲ့ ပိုလီယိုကာကွယ်ဆေး အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ကာကွယ်ဆေးက ဘေးကင်းပြီး ထိရောက်မှုရှိတာမို့ လူတွေကို ကျယ်ကျယ်ပြန့်ပြန့် ထိုးပေးနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ပိုလီယိုလူနာတွေလည်း သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။
သူဟာ အလွန်စိတ်ကောင်းရှိသူ တဦးဖြစ်ပါတယ်။ ဘယ်လောက်တောင်စိတ်ကောင်းရှိခဲ့သလဲ ဆိုရင် သူ့ရဲ့ဆေးကို မူပိုင်ခွင့်တင်မယ့်အစား လူတွေသက်သက်သာသာ နဲ့ ထိုးနိုင်ဖို့ အခမဲ့ပဲ ဖြန့်ဝေပေးခဲ့တာဖြစ်ပါတယ်။ တနည်းပြောရရင် သူ့အတွက် အမေရိကန် ဒေါ်လာ ၇ဘီလျံ ရမယ့် အခွင့်အရေးကို တပြားမှ မယူပဲ ငြင်းပယ်ခဲ့တာလို့ ဆိုနိုင်ပါတယ်။
ဒီလုပ်ရပ်ဟာ လူသားသန်းပေါင်းများစွာမှာ တစ်ယောက်လုပ်နိုင်ဖို့ ခက်ခဲတဲ့ဲဖြစ်ရပ်ပါ။ မူပိုင်ခွင့်အတွက် သူ့ကိုမေးတဲ့အခါမှာ "နေရောင်ခြည်ကို မူပိုင်ခွင့်ယူလို့ရမလား" လို့ သူက ပြန်မေးခဲ့ဖူးတယ်။ နေရောင်ခြည်ကို လူသားတိုင်းအခမဲ့ရရှိနေပြီး သူ့တီထွင်တဲ့ဆေးကိုလည်း လူသားတိုင်းအခမဲ့ ခံစားခွင့်ရှိပါတယ် ဆိုတဲ့အဓိပ္ပါယ် ဖြစ်ပါတယ်။ အဲဒီစကားက သူ့ရဲ့ လူသားချင်းစာနာတတ်မှုကို ပိုပြီး ထင်ရှားစေခဲ့ပါတယ်။
သူဟာ ၁၉၉၅ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာ ကွယ်လွန်သွားတဲ့အထိ ဆေးပညာသုတေသနနဲ့ ပညာရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေက ပြည်သူ့ကျန်းမာရေးအတွက် အမြဲတမ်း တန်ဖိုးရှိနေမှာ အမှန်ဖြစ်ပြီး ဒါကြောင့် သူ့ကို လူသားတွေရဲ့ကျေးဇူးရှင်တဦးအဖြစ် ညွှန်းဆိုကြတာဖြစ်ပါတယ်။
#timespectrum

image