*လွတ်လပ်စွာ ပြောဆိုခွင့်၌ အကန့်အသတ် ရှိသည်
လွတ်လပ်စွာ ပြောဆိုခွင့်သည် အခြေခံ ရပိုင်ခွင့်တစ်ရပ် ဖြစ်တာ မှန်သော်လည်း လူ့အဖွဲ့အစည်းအတွင်းရှိအခြားသော လွတ်လပ်ခွင့်များနည်းတူ အကန့်အသတ်မဲ့ ခြွင်းချက်မဲ့ ခံစားချင်၍ကား မဖြစ်ပေ။
အကြောင်းက၊ လူတစ်ဦးတစ်ယောက်လွတ်လပ်ခွင့်ကိုခံစားခြင်းကြောင့် အခြားသောသူ တစ်ဦးတစ်ယောက်ဖြစ်စေ၊ လူအစုအဖွဲ့ တစ်ခုခုဖြစ်စေ၊ တိုင်းပြည်ရပ်ရွာ၌ ဖြစ်စေ ထိခိုက်နစ်နာမှု မရှိရအောင်ကား သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအနေနှင့် ကာကွယ်စောင့်ရှောက်မှုပြုရန် လိုအပ်သေး သောကြောင့် ဖြစ်သည်။
ထိုကာကွယ် စောင့်ရှောက်မှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အတည်ပြု ပြဋ္ဌာန်းထားသော ဥပဒေ စည်းမျဉ်းစည်းကမ်းများအားဖြင့် ပြုလုပ်ရ၏။ ဥပမာ လူတစ်ဦးတစ်ယောက် လွတ်လပ်စွာ ပြောဆိုသော အကြောင်းရပ်များသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့ကို မထိခိုက်စေရဟု ပြဋ္ဌာန်းခြင်းမျိုး ဖြစ်၏။
သို့သော် တစ်စုံတစ်ယောက်၏ လွတ်လပ်စွာ ပြောဆိုမှုတစ်ရပ်သည် နိုင်ငံတော် လုံခြုံရေးကို အမှန်တကယ် ထိခိုက်ခြင်း ရှိ မရှိ၊ သို့တည်းမဟုတ် အဆိုပါ ပြောဆိုမှုသည် နိုင်ငံတော် လုံခြုံရေးဟူသော အကြောင်းဖြင့် ပိတ်ပင်ကန့်သတ်ခြင်း အရေးယူ ဆောင်ရွက်ခြင်း ပြုလောက် မပြုလောက် ဟူသည်ကို လွတ်လပ်၍ တရားမျှတသော တရားရုံးမျိုးက ဆုံးဖြတ်ရမည် ဖြစ်သည်။