အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာမည့်သီတင်းပတ်အတွင်း လာရောက်မည်
ဖေဖော်ဝါရီ ၂
အာဆီယံအလှည့်ကျဥက္ကဌအဖြစ်တာဝန်နေသော မလေးရှားဝန်ကြီးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ အိုတာမန်ဟာရှင်သည် လာမည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ကာ နစက အဖွဲ့အကြီးအကဲအပါအဝင် မြန်မာ့အရေးတွင် ပါဝင်သူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အာဆီယံအဖွဲ့ သံတမန်အသိုင်းအဝိုင်းနှင့်နီးစပ်သူက ပြောသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဟောင်းဖြစ်သူဟာရှင်သည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၆ ရက်နေ့မှ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ သုံးရက်ကြာသွားရောက်မည်ဖြစ်ပြီး နစက အဖွဲ့တာဝန်ရှိသူများနှင့် မြန်မာ့အရေးတွင် ပါဝင်နေသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သည် အာဆီယံအထူးကိုယ်စားလှယ်အဖြစ်တာဝန်ယူချိန်အတွင်း အာဆီယံသဘောတူညီချက်ငါးချက်ကိုအကောင်ထည်ဖော်ရေးကို အဓိကထားလုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း အကြမ်းဖက်မှုများရပ်တန့်ရေး၊ အားလုံးပါဝင်သောနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများဖြစ်လာရေး၊ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးအစီအစဉ်များကို အဓိကထားဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ မလေးရှားအစိုးရက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစားပေးလုပ်ဆောင်မည်ဟု ပြောဆိုထားသည်။
မလေးရှားနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် ၁၉၇၇ ခုနှစ်၊ ၁၉၉၇ ခုနှစ်၊ ၂၀၀၅ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင် တာဝန်ယူခဲ့ကြောင်း သိရသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအိုနိုင်ငံတို့သည် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်အတွင်းမြန်မာအရေးကိုဖြေရှင်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့မှုမရခဲ့သည့်အတွက် ဝေဖန်ပြစ်တင်ခံခဲ့ရကြောင်း သိရသည်။
Ref, Thaipbs
Credit - Myanmar Transparency News Agency
#သတင်းဟင်းလေးအိုးကြီး
