ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ရုံးဝန်ကြီးဌာနတစ်ခု ထပ်တိုးကာ ဒေါက်တာသက်သက်ခိုင် အပါအဝင် ဝန်ကြီး ၃ ဦး အနားပေး

ဇန်နဝါရီ ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်ကို ပိုမိုမြန်ဆန်ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရန်အလို့ငှာ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေပုဒ်မ ၄၁၉ အရ ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၈/၂၀၂၅) ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း ယနေ့တွင် ကြေညာထားသည်။

ယင်းကဲ့သို့ ဖွဲ့စည်းပြင်ဆင်ရာတွင် ယခင်က ဝန်ကြီးဌာန ၃၄ ခုသာ ရှိခဲ့ရာမှ ယခုပြင်ဆင်ဖွဲ့စည်းမှုတွင် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ဝန်ကြီးဌာနတစ်ခုအား ထပ်မံတိုးကာ ဝန်ကြီးဌာန ၃၅ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာနအသစ် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက တာဝန်ယူမည်ဖြစ်သည်။

ထို့အတူ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၁၀/၂၀၂၅) ဖြင့် တာဝန်မှအနားယူခွင့်ပြုလိုက်သည်။

သို့သော် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးအား ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၉/၂၀၂၅) ဖြင့် ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့သည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး (၁) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဥက္ကဋ္ဌ)၊ (၂) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (ဒုတိယဥက္ကဋ္ဌ)၊ (၃) ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး (အတွင်းရေးမှူး)၊ (၄) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး(တွဲဖက်အတွင်းရေးမှူး)၊ (၅) ဗိုလ်ချုပ်ကြီး မြထွန်းဦး (အဖွဲ့ဝင်)၊ (၆) ဗိုလ်ချုပ်ကြီး တင်အောင်စန်း(အဖွဲ့ဝင်)၊ (၇) ဗိုလ်ချုပ်ကြီး မောင်မောင်အေး(အဖွဲ့ဝင်)၊ (၈) ဗိုလ်ချုပ်ကြီး ညိုစော(အဖွဲ့ဝင်)၊ (၉) ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်(အဖွဲ့ဝင်)၊ (၁၀) ဦးဝဏ္ဏမောင်လွင်(အဖွဲ့ဝင်)၊ (၁၁) ဒေါ်ဒွဲဘူ(အဖွဲ့ဝင်)၊ (၁၂) (အဖွဲ့ဝင်)၊ ပိုးရယ်အောင်သိန်း(အဖွဲ့ဝင်)၊ (၁၃) မန်းငြိမ်းမောင်(အဖွဲ့ဝင်)၊ (၁၄) ဒေါက်တာ မှုထန်(အဖွဲ့ဝင်)၊ (၁၅) ဒေါက်တာ ဘရွှေ(အဖွဲ့ဝင်)၊ (၁၆) ခွန်စံလွင်(အဖွဲ့ဝင်) တို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ယခင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နှစ်ဦးဖြစ်သည့် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်အား အနားပေးလိုက်ကာ ၎င်းတို့နှစ်ဦးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၁၅/ ၂၀၂၅) ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

imageimage
+7