Part-1
*မောင်သာနိုး(သို့မဟုတ်) ကျောက်ဆောက်က ကျောက်ဆောင်
(အပိုင်း- ၁)
သူနဲ့ ပတ်သက်လို့ ဆက်စပ်ရင်းနှီးခဲ့ရပုံကို ရေးရမယ်ဆိုရင် ဝေးတဲ့အကြောင်း (ဒူရေနိဒါန်း)၊ မနီးမဝေးအကြောင်း(အဝိဒူရေနိဒါန်း)၊ အနီးကပ်အကြောင်း(သန္တိကေ နိဒါန်း)များက စရလိမ့်မယ်ထင်တယ်။ သူတို့တွေ မန္တလေးတက္ကသိုလ် ကလောင် ရှင်များအဖြစ် လှုပ်ရှားသက်ဝင်လာချိန်မှာပဲ မိမိလည်း မန္တလေး(အမရပူရ)ကိုစာသင်သားကိုရင်အဖြစ် ရောက်ရှိခဲ့တာပါ။
ဒူရေနိဒါန်းဆိုတာကတော့-
မိမိတို့နယ်၊ သံလမ်းနှစ်ခုကြားလို့ခေါ်တဲ့ ပျော်ဘွယ်အနောက်လက် နတ်မောက်အရှေ့လက်ဒေသတစ်ဝိုက်မှာ တောရွာစာသင်တိုက်ကြီးအဖြစ် မန်ကျည်း ကုန်းကျောင်းရွာ ကျောင်းတိုက်မှာ ပညာသင်ကြားဖူးကြတာများပါတယ်။ အဲဒီ ဆရာတော်က ပါဠိသဒ္ဒါနဲ့ပတ်သက်လို့ “ကန်မြဲဇောင်းကျမ်းဆရာကြီး ဦးကြွက် (ဦးဂုဏလူထွက်)ဆီမှာ သင်ကြားခဲ့တာဖြစ်လို့” ကန်မြဲဇောင်းကျမ်းအနွယ်စဉ်ဆက် ဖြစ်ပါတယ်။
မန္တလေးစာသင်သွားတော့လည်း စစ်အတွင်းက မန်ကျည်းကုန်းကျောင်းရွာမှာ လာနေပြီး စာသင်ခဲ့ဖူးတဲ့ ဘုရားကြီးတိုက်၊ အမရပူရကျောင်းဆရာတော် ဘဒ္ဒန္တ ဥက္ကံသာဘိဝံသဆီ ဦးတည်ရောက်ကြရတာပါ။ အမရပူရ၊ တူမောင်းတိုက်ဆိုတာ စစ်မဖြစ်မီက ညဝါအကျော်တိုက်ကြီးအဖြစ် ထင်ရှားခဲ့ပြီး စစ်ကြီးနဲ့အတူ စာသင်တိုက် ပျက်သွားခဲ့ရာက မန်းရာပြည့်လွန် (၁၃၂၂-ခု)မှာ ဒုတိယအကြိမ် စာသင်တိုက် အဖြစ် အဲဒီအမရပူရကျောင်းကပဲ စာချရော စာသင်သားပါ ခွဲပိုပြီး စတင်ခဲ့တာပါ။ ဦးဆောင်စာချဆရာတော်က မန်ကျည်းကုန်းကျောင်းထွက်ဆရာတော်ဖြစ်လို့ မိမိတို့ စာသင်သားတွေလည်း တူမောင်းတိုက်ရောက်ကြပါတယ်။
#ဆက်ရန်ရှိ