မြန်မာကျောင်းသားများကို ပေးသည့် အမေရိကန်ပညာသင်ဆု ရပ်ဆိုင်း
ဇန်နဝါရီ ၃၀
အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ပေးအပ်နေသည့် အကူအညီများမှာ အလွန်များပြားနေသောကြောင့် မြန်မာကျောင်းသားများအတွက် ပေးအပ်နေသည့် ပညာသင်ဆုများကို သမ္မတထရမ့်အမိန့်ဖြင့် ရပ်ဆိုင်းလိုက်ကြောင်း Department of Government Efficiency က တရားဝင် သတင်းထုတ်ပြန်သည်။
ယင်းသို့ ရပ်ဆိုင်းရာတွင် USAID DISP အစီအစဉ်ဖြစ်သော Diversity, Inclusion, Equity and Accessibility (မတူကွဲပြားမှု၊ အားလုံးပါဝင်ခွင့်၊ သာတူညီမျှခွင့်၊ အလွယ်တကူ ရပိုင်ခွင့်) အစီအစဉ်များကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပရိုဂရမ်သည် မြန်မာနိုင်ငံအတွင်းနေထိုင်နေသည့် လူနည်းစု၊ သာမန်အခြေခံလူတန်းစားများနှင့် ကန့်သတ်မှုကြောင့် အခွင့်အလမ်း နည်းပါးနေသူများ၊ တိုင်းရင်းသားလူမျိုးစုထဲမှ လူမှုအဖွဲ့အစည်းအကျိုးပြု လက်ရှိနှင့် အနာဂတ် ခေါင်းဆောင်များအား အထူးအလေးထား ဦးစားပေးပြီး နိုင်ငံတကာအဆင့်မြင့် ပညာရေးအခွင့်အလမ်းများ ရရှိစေရန် ပေးအပ်နေသော ပညာသင်ဆုဖြစ်သည်။
သမ္မတဟောင်း ဂျိုးဘိုင်ဒင်အစိုးရလက်ထက်က မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအတွက် အမေရိကန်ဒေါ်လာ ၄၅ သန်းတန် "မတူကွဲပြားမှုနှင့် အားလုံးပါဝင်ခွင့်ရှိသည့် ပညာသင်ဆုအစီအစဥ်''ကို ပေးအပ်ခဲ့ကာ သမ္မတ ထရမ့်လက်ထက်၌ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
မြန်မာ ကျောင်းသား၊ ကျောင်းသူပေါင်း ၈၀၀ ခန့်ကို ပညာသင်ကာလ ၅ နှစ်တာအတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၅ သန်း ပေးအပ်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် ပညာရေးအတွက် ဘွဲ့ကြို၊ ဘွဲ့လွန် မဟာဘွဲ့ နဲ့ ပါရဂူဘွဲ့များအပြင် Certificate အသိအမှတ်ပြု လက်မှတ်၊ ဒီပလိုမာများ ပေးအပ်မည့် ပညာတော်သင်ဆုဖြစ်ကြောင်း သိရသည်။
အဆိုပါ ပညာသင်ဆုကို ရပ်ဆိုင်းရန် အီလွန်မက် ဦးဆောင်သော Department of Government Efficiency က အဓိက ဦးဆောင် စာရင်းတင်ပြခဲ့ခြင်း ဖြစ်ကာ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်ကတည်းက မြန်မာကျောင်းသားများအတွက် ပေးအပ်ထားသော အဆိုပါပညာသင်ဆုများကို ရပ်ဆိုင်းရန် ဦးစားပေးအဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
#သတင်းဟင်းလေးအိုးကြီး
