ဆိပ်ကြီးခနောင်တို-ဒလတံတားသစ် တည်ဆောက်ရေးစီမံကိန်း မြေယာလျော်ကြေးသိန်း ၃၈၀၀ ကျော် ပေးအပ်
ဇန်နဝါရီ ၃၀
တွံတေးတူးမြောင်းကို ကျော်ဖြတ်ပြီး ဆိပ်ကြီးခနောင်တို - ဒလတံတားသစ်တည်ဆောက်ရေးစီမံကိန်း မြေဧရိယာ ပါ မြေကွက်ပိုင်ရှင်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မြေယာလျော်ကြေး သိန်း ၃၈၀၀ ကျော် ပေးချေလျက် ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
“မြေယာလျော်ကြေးပေးအပ်တာကို သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာပြုလုပ်ခဲ့ပါတယ်။ စီမံကိန်းဧရိယာမှာပါတာက စုစုပေါင်း မြေကွက် ၆၄ ကွက်နဲ့ အိမ် ၃ လုံးရှိပါတယ်” လို့ ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒလတံတားသစ်စီမံကိန်းဧရိယာအတွင်းရှိ မြေကွက်နှင့် အိမ်များအနက်မှ သတ်မှတ် အထောက်အထားများနှင့် အညီတင်ပြနိုင်သည့် မြေကွက် ၂၉ ကွက်နှင့် အိမ် ၂ လုံးတို့၏ ပိုင်ရှင်များအား လျော်ကြေး ငွေပေးအပ်ခြင်းဖြစ် ကြောင်း၊ စုစုပေါင်း မြေယာလျော်ကြေးငွေကျပ် သိန်း ၃၈၈၀ ကို ပေးအပ်ခြင်းဖြစ်ကြောင်း၊ ကျန်ရှိသည့်မြေကွက် ပိုင်ရှင်များလည်း မြို့နယ်မြေယာလျော်ကြေးပေးအပ်ရေးအဖွဲ့သို့ လာရောက်ဆက်သွယ်နိုင်ပြီး သတ်မှတ် အထောက်အထားများနှင့်အညီ မြေယာလျော်ကြေးများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တို - ဒလတံတားသစ်ကို ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၃၄ ဘီလီယံဖြင့် ၂၀၂၀ ပြည့် နှစ်၊ စက်တင်ဘာလ (၈) ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး လာမည့် ၂၀၂၅ ခုနှစ် မတ်လပိုင်းတွင် တံတား တည်ဆောက်ခြင်းလုပ်ငန်း ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
ယင်း တံတားသည် မြန်မာ – ကိုရီးယား ချစ်ကြည်ရေးတံတားဖြင့် ချိတ်ဆက်နိုင်မည်ဖြစ်၍ ဆိပ်ကြီးခနောင်တိုမှ ရန်ကုန်မြို့အတွင်းသို့ မိနစ် ၂၀ ဖြင့် သွားရောက်နိုင်မည်ဖြစ်ကြောင်းနှင့် တံတားအရှည်မှာ ၇၄၀ မီတာရှိပြီး နှစ်လမ်းသွား သံမဏိပေါင် ခုံးတံတားဖြစ်၍ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ် ၁ ပေ ၆ လက်မ၊ ရေကြောင်းကင်းလွတ်အမြင့် ၄၉ ပေ နှင့် ယာဉ်တစ်စီးချင်းခံနိုင်ဝန် ၇၅ တန်ဖြစ်ကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး
