မုံရွာမြို့၌ အိမ်ရှေ့လမ်းဘေးတွင် စက်ဘီးစီးနေသော (၅)နှစ်အရွယ်ကလေးကို ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့သော်လည်း အချိန်မီကယ်တင်နိုင်ခဲ့
ဇန်နဝါရီ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ အိမ်ရှေ့လမ်းဘေးတွင် စက်ဘီးစီးနေသော အသက်(၅)နှစ်အရွယ်ရှိ ကလေးကို ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့သော်လည်း အချိန်မီ ပိတ်ဆို့ကယ်တင်နိုင်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
အဆိုပါ ပြန်ပေးဆွဲမှုဖြစ်စဉ်မှာ (ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်)၊ ညနေပိုင်း ၅ နာရီ ၃ဝ မိနစ်ဝန်းကျင်အချိန်ခန့်က မုံရွာမြို့ ၊ သလ္လာရပ်ကွက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါရပ်ကွက်ရှိ နေအိမ်ရှေ့လမ်းဘေးတွင် စက်ဘီးစီးနေစဉ် ယာဉ်အက္ခရာစိစစ်ဆဲဖြစ်သည့် ယာဉ်နံပါတ် (.... /၆၃၆၂) ပါ Toyota van အမျိုးအစားအဖြူရောင် ယာဉ်ပေါ်မှ အသက်(၂၀)နှစ်ဝန်းကျင်အရွယ်ရှိ လူငယ်(၄)ဦးက လက်နက်ငယ်(၂)လက် ကိုင်ဆောင်၍ ဆင်းလာပြီးနောက် ကလေးငယ်ကိုပွေ့ချီ၍ ကားပေါ်ဆွဲတင်ကာ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကို ကလေးငယ်၏ အဖွားဖြစ်သူက တွေ့မြင်သောကြောင့် ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခံခဲ့ပြီးနောက် ကလေး၏ မိခင်က သမီးဖြစ်သူ ပြန်ပေးဆွဲခံရသည့်အကြောင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ ဖုန်းဖြင့် သတင်းပေးပို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့များမှ ချက်ခြင်းပိတ်ဆို့ ရှာဖွေမှုများပြုလုပ်ခဲ့ရာ ပြန်ပေးဆွဲခေါ်ဆောင်သွားသော အကြမ်းဖက်သမားများက ကလေးငယ်ကို အောင်ချမ်းသာရပ်ကွက်၊ သီရိလမ်းမဘေးတွင် စွန့်ပစ်၍ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြန်ပေးဆွဲခံရသော ကလေးငယ်ကို ထိခိုက်မှုမရှိ၊ ဘေးအန္တရာယ်ကင်းစွာဖြင့် လုံခြုံရေးတပ်ဖွဲ့များမှ ပြန်လည် ကယ်ဆောင်နိုင်ခဲ့ပြီး မိဘများ၏ လက်ဝယ်သို့ ပြန်လည်အပ်နှံပေးနိုင်ခဲ့ကြောင်း သိရသည်။
Credit - NP News Agency
#သတင်းဟင်းလေးအိုးကြီး
