"မိုင်ယာမီနဲ့သက်တမ်းကုန်ရင် မက်ဆီဘယ်ကို သွားဦးမလဲ"
လီယိုမက်ဆီနဲ့ အချိတ်အဆက်ရှိတဲ့ အာဂျင်တီးနားအခြေစိုက်သတင်းထောက်တစ်ဦးဟာ အင်တာမိုင်ယာမီနဲ့သက်တမ်းကုန်ဆုံးပြီးတဲ့နောက် ဘလွန်းဒီအော်စံချိန်ရှင်ရဲ့ လားရာကို ဖွင့်ချလိုက်ပါတယ်။ အားလုံးကတော့ မက်ဆီဟာ မေဂျာလိဂ်ကလပ်နဲ့သက်တမ်းကုန်ဆုံးရင် မိခင်မြေ အာဂျင်တီးနားကိုပြန်လိမ့်မယ်လို့ ယူဆထားကြတာပါ။ ဒါပေမဲ့ ဂျာနယ်လစ်ဖြစ်တဲ့ လာတော်ရီကတော့ ဥရောပဟာ ပိုပြီးဖြစ်နိုင်ခြေရှိတယ်လို့ အသိပေးထားတာဖြစ်တယ်။ လာတော်ရီဟာ ဗျူနိုအေးရီးစ် ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ အွန်လိုင်းဖျော်ဖြေရေး သတင်းထောက်တစ်ဦးဖြစ်ပြီး မက်ဆီရဲ့ မိသားစုဝင်တွေနဲ့ ရင်းနှီးသူတစ်ဦးဖြစ်ပါတယ်။
မက်ဆီဟာ မိုင်ယာမီမှာ ယခုနှစ်ထက်ကျော်လွန်ပြီးနေချင်တယ်လို့ ထုတ်ဖော်ပြောဆိုထားပေမယ့် အချိန်တစ်ခုရောက်ရင် ဥရောပကိုပြန်ဖို့ စဉ်းစားထားတာဖြစ်တယ်။ "အင်တာမိုင်ယာမီနဲ့ ကစားသမားဘ၀ ပြီးဆုံးတဲ့အခါ ဘာစီလိုနာမှာပြန်လည်နေထိုင်မယ်လို့ မက်ဆီက ပြောထားပါတယ်။ ကျွန်တော်က 'မင်း မိုင်ယာမီမှာမနေဘူးလား' လို့ မေးခဲ့တယ်။ သူက 'မဟုတ်ဘူး...ငါ့နေရာက ဘာစီလိုနာ' လို့ ပြန်ပြောခဲ့တယ်" လို့ သတင်းထောက် လာတော်ရီက ဖွင့်ဟလိုက်ပါတယ်။ မက်ဆီဟာ ၂၀၀၀ ခုနှစ်မှာ ဘာစီလိုနာကိုရောက်ရှိလာခဲ့ပြီးတဲ့နောက် ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံးအဖြစ် တည်ဆောက်နိုင်ခဲ့သလို ကက်တာလန်ကလပ်အတွက် ပြိုင်ပွဲစုံ ၆၇၂ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ရနိုင်သမျှ ဆုဖလားအားလုံးကို သိမ်းပိုက်နိုင်ခဲ့တာပါ။
