ဗဟိုဘဏ်မှ ဒေါ်လာသန်း ၂၀ ထပ်မံထုတ်ရောင်းပေး၍ ဒေါ်လာဈေး တက်ရိပ်ပြလာသည့် ဇန်နဝါရီလ သုံးပတ်ကျော်အတွင်း ဒေါ်လာသန်း ၁၃၀ ခန့် ထုတ်ရောင်းပေးထား
ဇန်နဝါရီ ၂၅
ယမန်နေ့တွင် ဗဟိုဘဏ်မှ ဒေါ်လာသန်း ၂၀ ထပ်မံထုတ်ရောင်းပေး၍ ဒေါ်လာဈေး တက်ရိပ်ပြလာသည့် ယခုဇန်နဝါရီလအတွင်း ဒေါ်လာသန်း ၁၃၀ ခန့်အထိ ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း ဝိသမ လောဘသမားများ၏ တစ်ဒေါ်လာ ၁၀,၀၀၀ အထိ ဈေးနှုန်းဆွဲတင်ခဲ့မှုကြောင့် တစ်ဒေါ်လာကျပ် ၇၀၀၀ ကျော်အထိ သမိုင်းတစ်လျှောက်စံချိန်တင် မြင့်တက်ခဲ့မှုအပေါ် ဗဟိုဘဏ်၏ အရေးယူမှုများကြောင့် အောက်တိုဘာလအလယ်မှစတင်ပြီး တစ်ဒေါ်လာ ကျပ် ၄၅၀၀ ဝန်းကျင်ဖြင့် နှစ်လကျော် တည်ငြိမ်မှုရှိခဲ့သော်လည်း ယခုဇန်နဝါလတွင် တက်ရိပ်ပြန်ပြလာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဒေါ်လာဈေးနှုန်း တက်ရိပ်ပြလာသည့် ယခုဇန်နဝါရီလ ၂ ရက်မှ ၂၄ ရက်အထိ သုံးပတ်ကျော်အတွင်း ဗဟိုဘဏ်အနေဖြင့် ဒေါ်လာ ၁၂၈ ဒသမ ၉၁၁ သန်း ရောင်းချပေးခဲ့သလို ထိုင်းဘတ် ၈ ဒသမ ၉၄၇ သန်းနှင့် တရုတ်ယွမ် ၅ ဒသမ ၂၃၈ သန်း ထုတ်ရောင်းပေးထားသည်။
ဒေါ်လာဈေးနှုန်း ပြန်လည်မြင့်တက်လာခဲ့သော ယခုဇန်နဝါရီလ ဒုတိယအပတ်တွင် တစ်ဒေါ်လာ ကျပ် ၄၈၀၀ အထိ မြင့်တက်ခဲ့သော်လည်း ယင်းကဲ့သို့ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးထားမှုကြောင့် တစ်ဒေါ်လာ ကျပ် ၄၆၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာခဲ့သည်။
နိုင်ငံခြားငွေဈေးကွက်၌ ယနေ့တွင် တစ်ဒေါ်လာ ၄,၆၀၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ် ၁၃၂ ကျပ်၊ တရုတ်ယွမ် တစ်ယွမ် ၆၁၄ ကျပ် ဖြစ်ပေါ်ခဲ့ပြီး ယခုဇန်နဝါရီလဆန်းပိုင်းထက် ဈေးနှုန်းအနည်းငယ်သာ မြင့်တက်မှုမှုရှိပြီး နိုင်ငံခြားငွေဈေးနှုန်း ပြန်လည်တည်ငြိမ်လာခဲ့သည်။
#centralnewsnaypyitaw
