ဗန်းမော်မှာ ဒီကနေ့ တိုက်ပွဲပိုမိုပြင်းထန်နေ
ဇန်နဝါရီ ၂၅
ကချင်းပြည်နယ်၊ ဗန်းမော်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ကထက် ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ တိုက်ပွဲ ပိုမိုပြင်းထန်နေကြောင်း ဒေသခံတွေတွေဆီက သိရပါတယ်။
"ဗန်းမော် နောင်ခို၊ မင်းလှ၊ ရွှေကျီးနား၊ နမ့်ဖား ဘက် ဒီမနက်ထဲကနေ လေယာဉ်နဲ့ကြဲ နေတာ။ ဒရော့ ဗုံးနဲ့ဆို အလုံး မရေနိုင်အောင်ချတယ်။ ရစရာ မရှိတော့ဘူး။ တိုက်ပွဲက ပြင်းထန်နေဆဲ" လို့ ဒေသခံ တယောက်က ပြောပါတယ်။
လေယာဥ် ဗုံးသီးနဲ့ ဆက်တိုက်လာချနေပြီး မြို့ထဲနဲ့ နမ့်ဖားဖက် မီးလောင်နေဆဲလို့ သူက ပြောပါတယ်။
ဒီနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၆ နာရီခန့်ကစ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ထိုးစစ် ပြန်ဆင်နေတာလို့ သိရကြောင်း သူက ပြောပါတယ်။
"လေယာဉ်နဲ့ ဗုံးက မိုးရွာသလို ကြဲနေတာ။ တင့်ကားလည်း လေးစီး ရထားတယ်။ တစီးတော့ ပျက်သွားတယ်လို့ ကြားတယ်။ မြင်းတပ်လည်း ရသွားတယ်ကြားတယ်။" လို့ ကေအိုင်အေ အသိုင်းအဝိုင်းနဲ့ နီးစပ်သူက ပြောပါတယ်။
ဒဏ်ရာရ နစက အရာရှိ တယောက်လည်း ဖမ်းမိထားတယ်လို့ သိရကြောင်း၊ နှစ်ဖက် တပ်ဖွဲ့ အထိအခိုက်များတယ်လို့ သိရကြောင်း သူက ပြောပါတယ်။
ယနေ့ ဗန်းမော် အခြေအနေက ခလရ - ၄၇၊ စကခ -၂၁၊ သံချပ်ကာတပ်ရင်းနဲ့ တက္ကသိုလ်ကို အပြင်းထန် ရန်သူဝင်တိုက်လို့ သံချပ်ကာတပ်ရင်းကျပြီး တင့်ကားတွေရန်သူရသွားသလို အရာရှိ တချို့လက်နက်ချ ကြောင်း နစက နဲ့ နီးစပ်သူ တယောက်က ရေးသား ဖော်ပြထားပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်စဥ်နဲ့ပတ်သက်ပြီး နစကနဲ့ KIA တို့က တစုံတရာ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
ဗန်းမော်နဲ့ မံစီမြို့တွေကို KIA နဲ့ ပူးပေါင်း တပ်ပေါင်းစုတွေက ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလ ၄ ရက်နေ့ကစ တပြိုင်ထဲ ထိုးစစ်ဆင်တိုက်ခိုက်နေရာ မံစီမြို့ရှိ နစက တပ်စခန်းတွေ အားလုံးကို ဇန်နဝါရီလ ၈ ရက် နေ့ မနက်မှာ အပြီးသတ် ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။
#centralnewsnaypyitaw

