Part-2
*ဆရာနိုး အမှတ်တရ
အထူးသဖြင့် အနက်အဓိပ္ပာယ်ကိုလေ့လာသော အတ္ထဗေဒ(Sementics) အပိုင်းကို စိတ်ဝင်စားလျက်ရှိရာ အနက်အဓိပ္ပာယ်အကြောင်းရေးသော သူ့ဆောင်းပါး များကို ပို၍အာရုံစိုက်ဖြစ်သည်။ သူ မဟာတန်းတက်ရင်း ဌာနမှာ အနက်အဓိပ္ပာယ် အကြောင်း စာလေးတစ်စောင် သူဖတ်သည်။ နောက်ပိုင်းမှာ ‘ဗမာစာဗမာစကား’ ဆောင်းပါးပေါင်းချုပ် ထွက်လာတော့ ပြည့်ပြည့်စုံစုံဖတ်ရသည်။ ဘာသာဗေဒနှင့် ပတ်သက်သည့် သူ့‘ကိုယ်ခံ’ပမာဏကိုလည်း ချင့်တွက်မိပါသည်။
ကျွန်တော်တို့က ဌာနအခန်းထဲမှာ စကားပြောဖြစ်ကြသလို ဦးချစ် ဆိုင်မှာ လည်း စကားပြောဖြစ်ကြသည်။ သူပြောပြသော အနောက်တိုင်းစာပေအကြောင်း၊ ဘာသာစကားအကြောင်းများကို ကြားရသည်။ ကျွန်တော်ကတော့ ဝါရင့်သမ္ဘာရင့် မိတ်ဆွေတစ်ယောက်နှင့် နီးနီးကပ်ကပ် ပြောဖို့ ဆိုဖို့ အခွင့်ကြုံရသည်ကို ဝမ်းသာ နေသည်။ နောက်ပိုင်းကျတော့ သူ့ကို ‘ဆရာနိုးဟုသာ ခေါ်ပါတော့သည်။ ထိုစဉ်က ဒေါက်တာနိုးရုပ်ရှင် ခေတ်စားနေရာ ကျွန်တော်တို့ဆရာ ပါမောက္ခ ဦးမောင်မောင် ကြီးက သူ့ကို 'ဒေါက်တာနိုး'ဟု တစ်ခါတစ်ခါ ကျီစယ်ပြီးခေါ်သည်ကို ကြားရ ပါသည်။
သူ မဟာဝိဇ္ဇာ အရည်အချင်းစစ်အတန်း နောက်ဆုံးနှစ်အတန်းတက်ပြီး မဟာဝိဇ္ဇာဘွဲ့ အတွက် မြန်မာဂန္ထဝင်ကဗျာတွေကို ကျမ်းပြုပြီးသည်အထိ ငါးနှစ်၊ ခြောက်နှစ်မျှ ကြာခဲ့ရာ ထိုကာလအတွင်း တောင်ငူဆောင် မြန်မာစာဌာနမှာ အနေများ သည့်အတွက် သူနှင့် အထိအတွေ့ များပါသည်။
မှတ်မှတ်ရရ ရှင်မဟာရဋ္ဌသာရ နှစ် ၅၀၀ ပြည့် အထိမ်းအမှတ်အဖြစ် မန္တလေးမှာ သူဖတ်ခဲ့သော ‘ပုလဲပန်း၏သဒ္ဒါလင်္ကာရ' စာတမ်းကို ထိုအထိမ် အမှတ်စာအုပ်မှာ လေ့လာရသည်။ ကိုးခန်းပျို့၏ အသံတန်ဆာများကို စကားသံ ဖွဲ့မှ သဘောတရား နည်းနာများဖြင့် ခြေခြေမြစ်မြစ် သုတေသနပြုထားသည်ကို လေ့လာရသည့်အတွက် စာပေနှင့်ဘာသာစကား အပြန်အလှန်ဆက်စပ်ပုံ၊ အထောက်အကူပြုပုံကို သိမြင်လာရသည်။ အသိသစ် အမြင်သစ်များ ပွင့်လင်း လာရသည်။ စာပေအထူးပြုလေ့လာသူများနှင့် ဘာသာစကား အထူးပြုလေ့လာသူ များ တစ်ဖက်နှင့်တစ်ဖက် မသက်ဆိုင်သလို ‘ခပ်စိမ်းစိမ်း” နေကြသော ထိုကာလတွင် ဆရာနိုး၏စာတမ်းသည် စာပေလေ့လာမှုနှင့် ဘာသာစကားလေ့လာမှုကို ပေါင်းကူး တံတားထိုးပေးသည့် စာတမ်းအဖြစ် ရှုမြင်မိသည်။ စာပေ၏ အသံတန်ဆာကို လေ့လာရာတွင် အသံချိုသာ၏၊ ပြေပြစ်၏။ မဓုရတာဂုဏ်မြောက်၏ ဟူသော အပေါ်ယံသုံးသပ်ချက်တို့ထက် ကောင်းမွန်ပြီး ထိုးထိုးထွင်းထွင်း သုတေသနပြု၍ ဖော်ထုတ်ထားသည်။ ထိုစာတမ်းမှာ ဘာသာစာပေတန်ဖိုးကြီးမားလှသည်။ ဘာသာစာပေ ပေါင်းကူးလေ့လာမှုအတွက် ရှေ့ဆောင်လမ်းပြသဖွယ်ဖြစ်သည်။

#ဆက်ရန်ရှိ