အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ မကြာမီစေလွှတ်သွားမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော

ဇန်နဝါရီ ၂၁

အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသော အကြမ်းဖက်တိုက်ခိုက်မှုများ ရပ်တန့်စေရန်အတွက် အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ မကြာမီ စေလွှတ်သွားမည်ဟု သိရသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မလေးရှားနိုင်ငံ လန်ကာဝီကျွန်းတွင် ကျင်းပခဲ့ပြီး မြန်မာ့အရေးကိုအဓိကထား ဆွေးနွေးခဲ့ကြောင်း၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူနေသော မလေးရှားနိုင်ငံ၏ သံတမန်တစ်ဦးဖြစ်သော တန်ဆရီအိုတမန်ကို အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အာဆီယံအထူးကိုယ်စားလှယ်အဖြစ်တာဝန်ယူမည့် အိုတမန်သည် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အတွင်းဝန်ဟောင်းတစ်ဦးဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံအတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ၅ ဦးမြောက် အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့က အရပ်သားအစိုးရအသွင်ကူးပြောင်းရေး ရွေးကောက်ပွဲကျင်းပမည့်အစီအစဉ်ကို ဆက်လက် ပြောဆိုခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့သည် အပစ်အခတ်ရပ်စဲရေးကို အဓိကဦးစားပေးအဖြစ် ဆောင်ရွက်ရန် လိုလားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က ရွေးကောက်ပွဲလွတ်လပ်မျှတရေးနှင့် ပွင့်လင်းမြင့်သာမှုရှိရန် အဓိကအရေးကြီးပုံကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image