Part-2
*ရပိုင်ခွင့်ကို သုံးစွဲရာ၌
ဒီမိုကရေစီ အခြေခိုင်ပြီးသည့် နိုင်ငံကြီးများဖြစ်သော ဗြိတိန်နှင့် အမေရိကန်ပြည် တို့တွင် ၂ဝဝ၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်ခံရမှု အပြီးတွင် ပြည်သူ့လွတ်လပ်ခွင့်များကို ချုပ်ချယ် ကန့်သတ်သည့် တင်းကျပ်သော ဥပဒေများ ပြဋ္ဌာန်းခဲ့ရာ၊ မည်သို့သော အခြေအနေမျိုးသည် ပြည်သူလူထု၏ မူလရပိုင်ခွင့်များ ရပ်ဆိုင်းခြင်း ကန့်သတ်ခြင်းပြုရလောက်အောင် လုံခြုံမှု ထိခိုက်သည့် အခြေအနေဟု သတ်မှတ်မည်နည်းဟူ၍ ငြင်းခုံ ဝေဖန်မှုများ ပေါ်ပေါက်ခဲ့သည်။
ဝေဖန်သူတို့က ဒီမိုကရေစီ လူ့အဖွဲ့အစည်းတို့အနေဖြင့် လူတစ်ဦးချင်းတို့၏ ရပိုင်ခွင့် လွတ်လပ်ခွင့်များကို အစဉ် အလေးထား စဉ်းစားရမည် ဖြစ်ကြောင်း၊ အများပြည်သူ၏ အသက်အိုးအိမ်များ ထိခိုက်စေနိုင်သည့် အနေအထား .. ငြင်းမရအောင် ထင်ရှားပေါ်လွင် နေသည့်အခါမျိုးတွင်သာ ရပိုင်ခွင့်များ ရုပ်သိမ်းသည့် ဥပဒေမျိုးကို ထုတ်ပြန်သင့်ကြောင်း ရှုမြင်ကြသည်။ ထို့ပြင်၊ အန္တရာယ် ဖြစ်နိုင်သည့် အခြေအနေ ပေါ်လွင် ထင်ရှားနေပါသည် ဆိုတာကိုလည်း အစိုးရပိုင်းက ပြောရုံဖြင့် လက်မခံဘဲ အခြားသော သူတို့ကပါ စစ်ကြော ဝေဖန်ရန်နှင့် သက်ဆိုင်သော တရားရုံးများကလည်း အုပ်ချုပ်ရေးပိုင်း၏ ဆုံးဖြတ် ဆောင်ရွက်ချက်သည် သင့်တော်မှန်ကန်မှု ရှိ မရှိ ပြန်လည် စစ်ဆေး သုံးသပ်ရန် လိုအပ်ကြောင်း ထောက်ပြ ပြောဆိုကြသည်။