အမေရိကန်မှာ TikTok ကို မရောင်းရင် ပိတ်ပင်မယ့်ဥပဒေ တရားရုံးချုပ် အတည်ပြု
ဝါရှင်တန်၊ ဇန်နဝါရီ ၁၈
TikTok ကို မရောင်းချပါက အမေရိကန်မှာ လာမယ့်နှစ်ရက်အတွင်း ပိတ်ပင်မယ့် ဥပဒေကို အမေရိကန်တရားရုံးချုပ် အတည်ပြုလိုက်ပါတယ်။
တရားရုံးချုပ်ရဲ့ အဆုံးအဖြတ်ကြောင့် အမေရိကန်မှာသန်း ၁၇၀ ထိ သုံးစွဲသူရှိနေတဲ့ TikTok အတွက် မရေရာမှုတွေ တိုးပွားနေပြီး TikTok ကို အမေရိကန်မှာ ဆက်လက်လည်ပတ်နိုင်ရေး ကြိုးပမ်းပေးမယ်လို့ ကတိပြုထားတဲ့ ဒေါ်နယ်ထရန့်အပေါ် မူတည်နေပါတယ်။
TikTok ဟာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို တရုတ်အစိုးရထံ မျှဝေတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက စွပ်စွဲပြီး လုံခြုံရေးခြိမ်းခြောက်မှုတွေကြောင့်ဆိုကာ ဒီဥပဒေကို ပြီးခဲ့တဲ့နှစ်က ကွန်ဂရက်မှာ နှစ်ပါတီစလုံးက ထောက်ခံအတည်ပြုခဲ့ပါတယ်။
ဒါဟာ အမေရိကန်ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တာလို့ TikTok က စောဒကတက်ခဲ့ပြီး အယူခံဝန်ခဲ့ပါသေးတယ်။
ဒါပေမယ့်လည်း ဒီအငြင်းပွားမှုကို တရားရုံးချုပ်က တညီတညွတ်တည်း ပယ်ချခဲ့ပြီး အမေရိကန်မှာ TikTok ကို ဝယ်ယူမယ့်သူကို ရောင်းချဖို့နဲ့ ဒါမှမဟုတ်ရင် အက်ပ်လီကေးရှင်းစတိုးနဲ့ ဝက်ဘ်ဆိုက်တွေကနေ ဖယ်ရှားခံရမှာဖြစ်ပါတယ်။
ဒေါ်နယ်ထရန့်ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို အခြားအထူးဧည့်သည်တော်တွေနဲ့အတူ တက်ရောက်မယ့် TikTok စီအီးအိုကတော့ အမေရိကန်မှာ TikTok ဆက်လက်ရှင်သန်ရေး လက်တွဲလုပ်ဆောင်မယ်လို့ ထရန့်ရဲ့ ကတိကဝတ်အတွက် ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။
TikTok ကမူ အမေရိကန်မှာ ရောင်းချဖို့အစီအစဉ်မရှိကြောင်းနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ တုံ့ပြန်မှု ထူးခြားတာမရှိရင် အမေရိကန်မှာ သူ့ရဲ့ လု်ပဆောင်ချက်တွေကို ပိတ်ပစ်မယ်လို့ ကတိပြုထားပါတယ်။
Ref:Reuters
Photo:Reuters
#သတင်းဟင်းလေးအိုးကြီး
