မြန်မာနိုင်ငံအရှေ့ပိုင်းရှိ အွန်လိုင်းမှတစ်ဆင့်လိမ်လည်နေသည့်ဂိုဏ်းများလက်ထဲတွင် ဂျပန်နိုင်ငံသား ၆ ဦးဖမ်းဆီးခံထားရဟု ထိုင်း NGO အဖွဲ့ ပြော
ဇန်နဝါရီ ၁၆
မြန်မာနိုင်ငံအရှေ့ဘက်ပိုင်းရှိ အွန်လိုင်းမှတစ်ဆင့်လိမ်လည်နေသည့် ရာဇဝတ်ဂိုဏ်းများလက်ထဲတွင် ဂျပန်နိုင်ငံသား ၆ ဦး ဖမ်းဆီးခံထားရကြောင်း ထိုင်း NGO အဖွဲ့တစ်ခုဖြစ်သော Civil Society Network for Victim Assistance in Human Trafficking အဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
ထိုင်းနိုင်ငံနှင်နယ်စပ်ချင်းထိစပ်နေသော မြဝတီမြို့အနီး မြန်မာနိုင်ငံအရှေ့ပိုင်းရှိ အွန်လိုင်းမှ လိမ်လည်နေသည့် ဂိုဏ်းများလက်ထဲတွင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ လူပေါင်း ၆၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ဂျပန်နိုင်ငံသား အမျိုးသား ၅ ဦးနှင့် အမျိုးသမီး တစ်ဦးလည်း ဖမ်းဆီးခံရသူများထဲတွင် ပါဝင်နေကြောင်းပြောသည်။
အဆိုပါထိုင်း NGO အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ” လက်ရှိအချိန်မှာ အဲဒီသူတွေကို ကယ်ထုတ်ဖို့ ခက်ခဲတယ်။ ဘာလို့လဲဆိုရင် ဂျပန်နိုင်ငံသားတွေ အပါအဝင်ပြည်ပနိုင်ငံသားအများစုရဲ့ နိုင်ငံကူးလက်မှတ်တွေဟာ သိမ်းယူခံထားရတယ်” ဟု ပြောသည်။
ဂျပန်အစိုးရသည် လက်ရှိအချိန်တွင် အဆိုပါသတင်းနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရသည်။ ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူးဖြစ်သူ ယိုရှီမာဆာ ဟာယာရှီက”ကျွန်တော်တို့ဟာ ဂျပန်နိုင်ငံသားတွေ ဖမ်းဆီးခံထားရတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်။ ဂျပန်နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ သင့်တော်သလို တုံ့ပြန်ဆောင်ရွက်သွားမယ်” ဟုပြောသည်။
ထိုင်း NGO အဖွဲ့က မြန်မာနိုင်ငံအရှေ့ပိုင်းရှိ အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှုများ ကျူးလွန်နေသောရာဇဝတ်ဂိုဏ်းလက်ထဲတွင် တရုတ်နိုင်ငံသားအနည်းဆုံး ၃၉၀၀ ဖမ်းဆီးခံထားရသလို ဖိလစ်ပိုင်၊ အီသီယိုပီးယား၊ ကင်ညာနှင့် အင်ဒိုနီးရှားနိုင်ငံသားများလည်း ဖမ်းဆီးခံထားရကြောင်း ဖော်ပြထားသည်။
ဖမ်းဆီးခံထားရသူအများစုသည် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သူများဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှုများကျူးလွန်သော ဂိုဏ်းသည် ဖမ်းဆီးထားသူများကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခြင်းများရှိနေကြောင်း ထိုင်း NGO အဖွဲ့က ဖော်ပြထားသည်။
Ref, asahi
#centralnewsnaypyitaw
